အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ဖိုရမ်တက်ရောက်ခဲ့သည့် ထူးချွန်ဆုရ လူငယ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၏ လေ့လာရေးခရီးစဉ်

နေပြည်တော်၊ ဩဂုတ်လ(၁၄)။

လူငယ်များအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရေး၊ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းကို တည်ထောင်နိုင်စေရေး ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသည့် လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှု အကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီက စတင်ဆောင်ရွက်ကြသည်။

ဦးစွာ အဖွဲ့များခွဲ၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး လေ့လာရေးအဖွဲ့ဝင်များကို သိရှိလိုသည်များနှင့် ဘုရားသမိုင်းကြောင်းများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာနှင့် ကလေးပြုစုရေးဌာနများသို့ သွားရောက်ကြပြီး အဘိုးအဘွားများအား ကျန်းမာရေးနှင့်သက်ဆိုင်သော အားပေးနှစ်သိမ့်စကားနှင့် ခွန်အားဖြစ်စေ သောစကားများပြောကြားခြင်း၊ ခေါင်းဖြီးပေးခြင်း၊ ခြေသည်း/လက်သည်းများညှပ်ပေးခြင်း၊ ပန်းချီ ရေးဆွဲခြင်း၊ သီချင်းများသီဆိုခြင်းနှင့် ကလေးငယ်များနှင့်အတူ ကဗျာသီချင်းများသီဆိုခြင်း၊ ဘောလုံးများဖြင့် ဆော့ကစားခြင်း၊ ပန်းချီဆေးရောင်စုံခြယ်ခြင်းများကို ဆောင်ရွက်ကြသည်။

ယင်းနောက် လူငယ်များဒေသန္တရဗဟုသုတများတိုးပွားစေရန် နေပြည်တော် ဥတ္တရသီရိ မြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် သို့သွားရောက်လေ့လာကြရာ လေ့လာရေးအဖွဲ့မှ လူငယ်များသိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များဝယ်ယူနိုင်ရန် ဥတ္တရသီရိ Ocean နှင့် Sinma Mall တို့သို့ ပို့ဆောင်ပေးသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် အားကစားပြတိုက်၊ စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှု နှင့် ဆုရမှတ်တမ်းဓာတ်ပုံများ၊ ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးရယူပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများ၏ ပုံတူရုပ်တုများကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးကြကာ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းကို ဆက်လက်လေ့လာကြသည်။

“လူငယ့်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်းဆောင်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်များအနေဖြင့် မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များတွင် အဓိကအင်အားစုများအဖြစ်ပါဝင်နိုင်စေရန်၊ မိမိနိုင်ငံနှင့် ယဉ်ကျေးမှုအပေါ် တန်ဖိုးထား ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး နိုင်ငံသားကောင်းတစ်ယောက်၏ အခွင့်အရေးနှင့် တာဝန်များကို ပိုမိုနားလည်စေရန်၊ မတူညီသောဒေသများမှ လူငယ်များ တွေ့ဆုံဆွေးနွေးခွင့် ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှု တည်ဆောက်ပေးနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ ယခုကဲ့သို့ လူငယ်လေ့လာရေး အစီအစဉ်များနှင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေ့လာရေးခရီးစဉ်တွင်ပါဝင်သည့် လူငယ်များသည် ဩဂုတ် ၁၂ နှင့် ၁၃ ရက်များတို့ ကျင်းပခဲ့သည့် International Youth Day နှင့် Myanmar Youth Forum သို့ တက်ရောက်ခဲ့သည့် ထူးချွန်ဆုရ လူငယ်များနှင့် တိုင်းဒေသကြီးပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များဖြစ်ကြောင်း သိရသည်။