အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီး များက Virtual စနစ် ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များပိုမိုခိုင်မာလာစေရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးဆိုင်ရာ အနာဂတ်စီမံချက် တစ်ရပ်ရေးဆွဲနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(Youth Peace Forum 2026)အား ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်လူငယ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်များအား ဖိတ်ကြားရေး အဓိက ထားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးပြောကြားသွားမည့် ခေါင်းစဉ်အကြောင်းအရာ များအား ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်သည့် လူငယ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စိတ်ပါဝင်စား သည့် လူငယ်များနှင့် ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ပြီး အပြုသဘောဆောင်စွာ ဆွေးနွေး ပြောကြားနိုင်မည့် လူငယ်များအားသက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ ရွေးချယ် ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူမှုရေးရာဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။