အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း

နေပြည်တော်၊ ဩဂုတ် ၆ ။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံနှင့် တရားသောစစ် အောင်မြင်စေရေးအတွက် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက  စာနာမှု၊ မေတ္တာ၊ စေတနာများ အပြည့်နှင့် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများကို ယမန်နေ့နံနက်ပိုင်းက ဝန်ထမ်းများ ကိုယ်တိုင် ပြင်ဆင်၊ ချက်ပြုတ် ကြော်လှော်နေမှုများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး အတွက်  ပြင်ဆင်ထုပ်ပိုးနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်ကြော် (၁၅၀၀)ဘူး၊ ပုဇွန်ခြောက်ကြော် (၁၅၀၀)ဘူး၊ ငါးပိထောင်း (၁၅၀၀)ဘူး၊ အသင့်စားခေါက်ဆွဲခြောက် အထုပ်(၃၀၀၀)၊ ကော်ဖီမစ် အထုပ်(၃၀၀၀)၊ ဘာလီချိုချဉ် အလုံး(၁၅၀၀၀)နှင့် ကြယ်နီဆေးပေါ့လိပ် အလိပ်(၁၀၀၀၀)၊ စုစုပေါင်းငွေ ၁၁,၂၀၀,၀၀၀ (ကျပ်တစ်ရာတစ်ဆယ့်နှစ်သိန်းတိတိ) တန်ဖိုးရှိ ပစ္စည်းများကို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်း ကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် လူငယ်လက်ရွေးစင်အားကစားသမားများက “ တရားသောစစ် ဆင်နွှဲကြသော စစ်သည်တော်အပါင်း ဘေးရန်ကင်းလို့ အောင်ပန်းဆင်နိုင်ပါစေ” ၊ “ ရှေ့တန်းရောက် စစ်သည်တော်အပေါင်း အန္တရာယ်ကင်းလို့ တိုက်ပွဲတိုင်း အောင်မြင်ပါစေ” ၊ “ အမိမြေမှ တပ်မတော်သားများ အားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံး ပြန်လာနိုင်ပါစေ အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။

အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များနှင့် မော်တော်ယာဉ်များ ဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် တာဝန်ရှိသူ များက ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။