အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရေကူးဒိုင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၂၀)။

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်းစဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး၊ မိမိနိုင်ငံအတွင်းမှ လူငယ်များရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရေကူးဒိုင်မွမ်းမံသင်တန်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ရေကူးအားကစားနည်းသည် နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ခဲ့သည့်အားကစားနည်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အားကစားသမားတစ်ဦးတည်းဖြင့် ဆုတံဆိပ်များစွာရယူပေးနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်သည့်အတွက် အရည်အချင်းရှိသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေး ရန်လိုကြောင်း၊ (၂၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမိုးသူအောင်သည် အရှေ့တောင်အာရှချန်ပီယံဖြစ်သည့် စင်္ကာပူနိုင်ငံသူ ဂျိုးစလင်းယိုးကို ယှဉ်ပြိုင်အနိုင်ယူပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီးနောက် မျိုးဆက်သစ် ရေကူးအားကစားသမားရှားပါးသည့်အတွက် SEA GAMES ပြိုင်ပွဲများအပါအဝင် သက်တမ်းအလိုက် နိုင်ငံတကာပြိုင်ပွဲများနှင့် အလွတ်တန်းနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ရေကူးအားကစားနည်းအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရေကူးအားကစားနည်းအား ပြည်သူများ စိတ်ပါဝင်စားလာစေရန် စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရေကူးအားကစားနည်းပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် ဆုတံဆိပ်များစွာရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေကူးအားကစား နည်းသည် ပြေးခုန်ပစ်အားကစားနည်းတူ ရွှေတံဆိပ်ဆု(၄၀)ကျော်ချီးမြှင့်သည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ လာမည့်နိုဝင်ဘာလတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်တို့တွင် ရေကူးအားကစားနည်းအား ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းပြိုင်ပွဲများမှတဆင့် နိုင်ငံတကာပြိုင်ပွဲများ၊ ဖိတ်ခေါပြိုင်ပွဲများနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာရှိသည့် ရေကူးဒိုင်များ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနေသည့် စည်းမျဉ်း/စည်းကမ်းများကို နားလည်တတ်ကျွမ်းစေရန်နှင့် အဆင့်မီဒိုင်များ ပေါ်ထွက်လာပြီး ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းဆင့်ပွားဖြန့်ဝေပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုဒိုင်သင်တန်းတွင် သေချာစွာလေ့လာသင်ယူပြီး မိမိတို့ တာဝန်ကျရာဒေသများမှ ဆင့်ပွားသင်တန်းများ ပို့ချပေးရန်နှင့် သင်တန်းမှရရှိသည့် အတွေ့အကြုံကောင်းများကို အခြေခံ၍ နိုင်ငံတကာအဆင့်အထိ ထိုးဖောက်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ “ အရေးကြုံက သက်လုံလည်းကောင်း၊ အညောင်းလဲပြေ ကိုယ်နေလည်းလှ၊ ရေကူးကြ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေခေတ်ပြန်လည်ရောက်ရှိလာအောင် အင်တိုက်အားတိုက် စိတ်ရောကိုယ်ပါ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲများအသီးသီးတွင် ယခင်ပြည်နယ်/တိုင်းစံချိန်ထက်သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့သူများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများကလည်းကောင်း၊ ရွှေ(၁၆)ခု၊ ငွေ(၃)ခု၊ ကြေး(၂)ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ ရွှေ(၁၂)ခု၊ ငွေ (၆)ခု၊ ကြေး(၇)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ ရွှေ(၂၄)ခု၊ ငွေ(၇)ခု၊ ကြေး(၃)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း တံခွန်စိုက်ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၉၂ ခုနှစ်က စန်းစန်းနု(ရန်ကုန်)တင်ခဲ့သည့် စံချိန်(၃၉.၃၉)မီတာကို သိမ့်သိမ့်သူ(စစ်ကိုင်း)သည် (၄၀.၃၅)မီတာဖြင့်လည်းကောင်း၊ (အမျိုးသား)သံပြားဝိုင်းပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၀ ခုနှစ်က ကျော်ဇင်(ရန်ကုန်)တင်ခဲ့သည့် စံချိန်(၄၃.၀၅)မီတာကို ထက်ဝေယံ(ရှမ်း)သည် (၄၄.၆၉)မီတာဖြင့်လည်းကောင်း၊ (အမျိုးသမီး) တုတ်ထောက်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၉၅ ခုနှစ်က နေနေဝင်း(ရန်ကုန်)တင်ခဲ့သည့် စံချိန်(၃.၁၀)မီတာ ကို ယုယုပိုင်(တနင်္သာရီ)သည် (၃.၁၇)မီတာဖြင့်လည်းကောင်း၊ (အမျိုးသား)အလျားခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၂ ခုနှစ်က သန့်ဇင်(ရန်ကုန်)တင်ခဲ့သည့် စံချိန်(၇.၂၉)မီတာကို ဝိုင်ထက်ပိုင်(တနင်္သာရီ)သည် (၇.၃၄)မီတာဖြင့် လည်းကောင်း၊ (အမျိုးသမီး)ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၁၇ ခုနှစ်က အေးအေးမာ (မန္တလေး) တင်ခဲ့သည့် စံချိန်(၄၀.၉၀)မီတာကို သွယ်သွယ်မိုး(တနင်္သာရီ)သည် (၄၆.၀၅)မီတာ၊ အေးသူဟန်(စစ်ကိုင်း)သည် (၄၃.၈၃)မီတာနှင့် သဲအိထွေး(မကွေး)သည် (၄၁.၆၄)မီတာဖြင့်လည်းကောင်း၊ (အမျိုးသမီး)သုံးဆင့်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၀၈ ခုနှစ်က အေးအေးသန်း(ပဲခူး)တင်ခဲ့သည့် စံချိန်(၁၁.၆၇)မီတာကို ဝါဝါရွှေ(စစ်ကိုင်း)သည် (၁၁.၇၁) မီတာဖြင့်လည်းကောင်း၊ (အမျိုးသား)တန်းမြင့်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၂၀ ခုနှစ်က ရာဇာဖြိုး(စစ်ကိုင်း)တင်ခဲ့သည့် စံချိန်(၁.၉၄)မီတာကို ထက်အောင်အောင်(ရန်ကုန်)သည် (၁.၉၅)မီတာဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်က ရာဇာဖြိုး(စစ်ကိုင်း)သည် ၎င်းကိုယ်တိုင်တင်ခဲ့သည့် စံချိန်(၁.၉၄)မီတာကို (၁.၉၅)မီတာဖြင့်လည်းကောင်း၊ (အမျိုးသား)သံလုံးပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၃ ခုနှစ်က စောဆာလောလတင်ခဲ့သည့် မြန်မာပြည်စံချိန် (၁၄.၈၀) မီတာနှင့် ၂၀၀၃ ခုနှစ်က အောင်မိုးဝင်း(ရှမ်း)တင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်(၁၃.၈၀)မီတာတို့ကို ထက်ဝေယံ(ရှမ်း)သည် (၁၅.၀၃)မီတာဖြင့်လည်းကောင်း၊ (အမျိုးသား)မီတာ(၈၀၀)ပြိုင်ပွဲပွဲစဉ်၌ ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံပြိုင်ပွဲတွင် ဟိန်းထက်အောင်(မန္တလေး)အသစ်တင်ခဲ့သည့် စံချိန်(၁:၅၃.၆၃)စက္ကန့်ကို ဖြိုးကျော်ဇင်ဦး(ရှမ်း)သည် စံချိန် (၁:၅၃.၄၄)စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသား) မီတာ(၂၀၀) ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၀၄ ခုနှစ်က ဝေဖြိုးအောင် (မကွေး)တင်ခဲ့သည့် စံချိန်(၂၁.၉၀)စက္ကန့်ကို ထက်အောင်ရှိုင်း(တနင်္သာရီ)သည် စံချိန်(၂၁.၃၈)စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသား) မီတာ(၁၀၀)ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၆၉ ခုနှစ်က စိုးဝင်း(ရန်ကုန်)တင်ခဲ့သည့် စံချိန် (၁၀.၆၄)စက္ကန့်ကို (၅၄)နှစ်ကြာမှ ထက်အောင်ရှိုင်း(တနင်္သာရီ)သည် စံချိန်(၁၀.၅၈)စက္ကန့်ဖြင့်လည်းကောင်း ယခင်စံချိန်ဟောင်းများထက် သာလွန်ကောင်းမွန်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးစံချိန်သစ်များ အသီးသီး တင်နိုင်ခဲ့ကြကြောင်းသိရသည်။