![]()
ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က မြသီတာအားကစားခန်းမအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အတူ တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ယင်းနောက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြသီတာအားကစားခန်းမအား ဖွင့်လှစ်ပေးရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျပ်သန်း ၅၃၈၃.၁၄၀ ဖြင့် အလျား ၂၀၀ ပေ၊ အနံ ၁၅၀ ပေ ရှိသည့် မြသီတာ အားကစားခန်းမကိုGolden Gate Global Myanmar Pte, Co.,Ltd က တာဝန်ယူတည်ဆောက်ပေးခဲ့ပါ ကြောင်း၊ ယခုလိုအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားဖြစ်မြောက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးနှင့် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားကွင်းနှင့်အတူ အလျား ၁၀၀ ပေ x အနံ ၄၀ ပေ ရှိသော (၅)ခန်းတွဲ (၂)ထပ် ဝန်ထမ်း အိမ်ရာတို့ကို တည်ဆောက်ပေးခဲ့သည့်အတွက် များစွာဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုလို အားကစား ခန်းမများကို တည်ဆောက်ပေးခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေပြီး တိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများစွာ မွေးထုတ်ပေးနိုင် ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းအားထုတ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေး၊ တိုင်း ဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်များမှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အနာဂတ်မျိုးဆက်သစ် လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့မိမြို့ဖများ၊ အားကစားကော်မတီဝင်များနှင့် ဒေသခံပြည်သူများအနေဖြင့် ယခုဖွင့်လှစ်သည့် မြသီတာအားကစား ခန်းမ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ အားကစားခန်းမပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများနှင့် နွေရာသီ အားကစားသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်နည်းပြများနှင့် ချိတ်ဆက်၍ တိုင်းဒေသကြီးဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်အောင် အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက မြသီတာအားကစားခန်းမ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အားပေးအပ်ခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးဌေးအောင်တို့က အသီးသီးလက်ခံရယူခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ မြသီတာအားကစားခန်းမအား တည်ဆောက်ခဲ့သည့် Golden Gate Global Myanmar Pte, Co.,Ltd မှ တာဝန်ရှိသူက စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက လက်ခံရယူခဲ့ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစား အဖွဲ့များ၏ အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး သရုပ်ပြ အားကစားအဖွဲ့အားဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်းကို ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းက လည်းကောင်း၊ အ.ထ.က(၂)ရန်ကင်း မှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့ အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က လည်းကောင်းအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် အနုပညာရှင်များအသင်း နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတို့ ချစ်ကြည်ရေးယှဉ်ပြိုင် ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။




