အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက Imperson စနစ်ဖြင့်လည်းကောင်း၊ ဆက်စပ်ဝန်ကြီး ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက Video Conference စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့် အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် အစည်းအဝေးသည် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းကော်မတီအတွက် ပထမဆုံးအကြိမ်ခေါ်ယူခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိသည့် အောင်ဆန်းအားကစားကွင်းသည် ၁၆.၁၃၂ ဧက ကျယ်ဝန်းပြီး ၁၉ဝ၆ ခုနှစ်တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာအဖွဲ့ (ဦးကောက်)မှ စတင်ဆောက်လုပ်ခဲ့သည်ဟု သိရှိခဲ့ရပြီး အောင်ဆန်းအားကစားကွင်း၏ မူလအမည်မှာ BAA(Buma Athletic Association Ground)ဖြစ်ကြောင်း၊ အောင်ဆန်းအားကစားကွင်းတွင် ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများအပြင် အထူးတလည် အမှတ်တရဖြစ်စေမည့် ပြပွဲများဖြစ်သည့် ရေခဲပေါ်မှအားလပ်ရက်နေ့ (Holiday on Ice)ခေါ် ရေခဲပြင်ပြပွဲကြီးကို ကျင်းပ ပြုလုပ်ခဲ့သည့် အထင်ကရ အားကစားကွင်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အားကစားကွင်းအမည်ကို BAA မှ အောင်ဆန်းအားကစားပြိုင်ဝင်း အဖြစ် ပြောင်းလဲကြေညာခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် (၂)ကြိမ် လက်ခံကျင်းပခဲ့ပြီး (၂)ကြိမ်စလုံးတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် အတွက် အောင်ဆန်းအားကစားကွင်းအတွင်း ရွှေရောင်လွှမ်းခဲ့ဖူးပြီး အောင်ပွဲနှင့်အတူ တို့မြန်မာနိုင်ပြီ ဟူသော ဇာတိသွေး ဇာတိမာန် တက်ကြွစေသည့် တေးသီချင်းများပါ ပေါ်ထွက်လာခဲ့သည့်အပြင် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များဖြစ်သည့် ပြေးခုန်ပစ်နှင့် ဘော်လီဘော စသည့် အားကစားအဖွဲ့ချုပ် များစွာ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများစွာ ပေါ်ထွက်လာအောင် မွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ သက်တမ်းကြာမြင့်ပြီဖြစ်သည့် အောင်ဆန်းအားကစားကွင်းကို ကျွမ်းကျင်ပညာရှင် များ၏ ကြည့်ရှုစစ်ဆေးခဲ့မှုအရ ၇ဝ ရာခိုင်နှုန်းခန့် ပျက်စီးနေ၍ အန္တရာယ်ရှိသည့်အတွက် ပြေးလမ်း ပါဝင်သော ခေတ်မီအားကစားရုံအသစ် တည်ဆောက်သင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ပြန်လည်အကြံပြု အကြောင်းကြားလာသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးပြီး အောင်ဆန်းကွင်းအား ပြန်လည်၍ အဆင့်မြှင့်တင် တည်ဆောက်သွားရန် နိုင်ငံတော် အကြီးအကဲမှ လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် လက်ရွေးစင်အားကစားသမားများ၊ နည်းပြများ၏ စွမ်းဆောင်မှု အရည်အသွေးများ လိုအပ်သည့်အပြင် ခေတ်မီနည်းပညာစံနှုန်းသတ်မှတ်ချက်များနှင့် တည်ဆောက်ထားသည့် အားကစားကွင်း/အားကစားရုံ များစွာ လိုအပ်သည့်အတွက် နိုင်ငံတကာ နည်းပညာနှင့် တည်ဆောက်သွားမည့် ရန်ကုန်မြို့၏ အထင်ကရ သမိုင်းဝင် အားကစားကွင်းကြီးဖြစ်သည့် အောင်ဆန်းအားကစားကွင်းကြီး အောင်မြင်စွာဖြင့် ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အားကစားကွင်း သစ်ကြီးအဖြစ် ထပ်မံပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသေးစိတ် ဝိုင်းဝန်းဖြည့်စွက် အကြံပြု တင်ပြဆွေးနွေးပေးသွားရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးအစီအစဉ်အရ တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာန များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး အကြံပြု တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် အထွေထွေ တင်ပြဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြဆွေးနွေးညှိနှိုင်းချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး နောက် ၂၀၂၅ ခုနှစ်၊ မတ်လတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း၌ ပျက်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံများကို ပြန်လည်တည်ဆောက်ခြင်းနှင့် ယခုအဆင့်မြှင့်တင် တည်ဆောက် မည့် အောင်ဆန်းအားကစားကွင်းအား ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ဒဏ်၊ ရာသီဥတု ဒဏ်ခံနိုင်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေး ဦးစားပေး တည်ဆောက် သွားရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းစိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သူများသည် အလွန်အရေးကြီးသည့်အပြင် တည်ဆောက်ပြီးစီးမှု များကို အပိုင်းလိုက်၊ ရာခိုင်နှုန်းအလိုက် စစ်ဆေးရသည့် QC (Quality Control)စစ်ဆေးရေးအဖွဲ့များ၏ အခန်းကဏ္ဍနှင့် တာဝန်များမှာလည်း အသက်တစ်မျှပင် အရေးကြီးလှပါကြောင်း၊ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားကစားကဏ္ဍသည် အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် အားကစားကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပါဝင်၍ စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။