အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၁၄)။

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရန်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ်အားကစားသမားများအား ပြိုင်ပွဲအတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းမြားပစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။

ယနေ့ကျင်းပသော အမျိုးသား/အမျိုးသမီး (Recurve) တတိယလုပွဲနှင့် အမျိုးသား/အမျိုးသမီး (Compound) တတိယလုပွဲများကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Compound) ဗိုလ်လုပွဲနှင့် အမျိုးသား/ အမျိုးသမီး (Recurve ) ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး (Compound) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်ဇင်သူရိန်မှူး၊ ဒုတိယဆုရရှိသည့် မစုစုလှိုင်နှင့် တတိယဆုရရှိသည့် မောင်မြင့်မြတ်ဗိုလ်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Recurve) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မပြည့်စုံနှင်း၊ ဒုတိယဆုရရှိသည့် မောင်သီဟထက်ဇော်နှင့် တတိယဆုရရှိသည့် မောင်ကောင်းခန့်မော်တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ မြားပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။