အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၃

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ညွှန်ကြားရေးမှူး Mr. Zhang Zhong Hua(ကျန်းကျုံးဝှာ)၊ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်းမှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr.Wang Lei(ဝမ်လဲ့) ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ Senior President၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr. Li BoBo ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်းမှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr.Wang Lei က လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် China Foundation Peace & Development(CFPD)အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကလုပ်ဆောင်လျက်ရှိပြီး ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာသင်ကျောင်းများနှင့် ဆေးရုံများကို ဦးစားပေး လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ပိုးလမ်းမှ နှလုံးသားခေါင်းစဉ်ဖြင့် ငလျင် ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ အားကစားသမားများအတွက် အဓိက ထားပြီး အစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ပါ ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန်အတွက် ယခုလို ထောက်ပံ့ပစ္စည်းများကို လာရောက်လှူဒါန်းပေးခြင်းဖြစ်ပါကြောင်း၊ CFPD မှ ပြည်သူများ နှလုံးသားခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံမှ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လှူဒါန်းထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ Senior President၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr. Li BoBo က အသင်းအား မိတ်ဆက်ရာတွင် မိမိတို့အသင်းအနေဖြင့် တရုတ်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ မူလတန်းနှင့် အလယ်တန်းကျောင်း (၂၀)ကျော်ကို အားကစားပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ပါကြောင်းနှင့် အသင်း၏ထောက်ပံ့လှူဒါန်းခဲ့မှု အခြေအနေများ၊ ရှေ့ဆက်လက် လှူဒါန်းဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ တာဝန်ရှိသူများက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများထံသို့ လှူဒါန်းပစ္စည်းများကို ပေးအပ်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ငလျင်ဘေးသင့် ဝန်ထမ်းများကို လှူဒါန်းပစ္စည်းများအား ခွဲဝေပေးအပ်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မတ်လ(၂၈)ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ဝန်ထမ်းများ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းနှင့် အသက်သေဆုံးခဲ့ခြင်းများ မရှိခဲ့သော်လည်း အားကစားသမားများ လေ့ကျင့်လျက်ရှိသည့် အားကစားကွင်း/ အားကစားရုံ များနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများအတွက် အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများကို ယခုလို လာရောက်ထောက်ပံ့လှူဒါန်းပေးခဲ့သည့် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများကို နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်က မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းဆောင်ရွက်နေမှုအခြေအနေ၊ လေ့ကျင့်ရေး၊ နေထိုင်စားသောက်ရေး၊ အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆုတံဆိပ် မျှော်မှန်းထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးတင်ပြပေးသွားရန် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း များနှင့် အားကစားသမားရွေးချယ်ထားရှိမှုူအခြေအနေများ၊ အားကစားနည်းအလိုက် စခန်းသွင်း လေ့ကျင့်နေမှုအခြေအနေများ၊ အားကစားသမားများ၏ ကျန်းမာရေးအခြေအနေများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ အုပ်ချုပ်/ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဆုတံဆိပ် မျှော်မှန်းထားရှိမှုအခြေအနေများ၊ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားနည်းအလိုက် လိုအပ်လျက်ရှိသည့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်း များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က အောင်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အောင်မြင်မှုများရရှိစေရေးအတွက် လိုအပ်အပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။