အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ ) ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ ဇွန်လ (၉)ရက် ။

၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ ) ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဌများ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ၊ ဓာတ်ပုံပညာရှင်များ၊ ဆုရစာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နှစ်စဉ်ကျင်းပနေသည့် ဒီဇင်ဘာလူထုအားကစားလအထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲအစား ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အဖြစ် အမည်ပြောင်းလဲကျင်းပခဲ့ပါကြောင်း၊ ဝတ္ထုတို၊ ဆောင်းပါး ၊ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲရဲ့ နောက်ကွယ်မှာ အလွန်ကြီးမားတဲ့ အကျိုးဆက်တွေရှိတယ် ဆိုတာသိမြင်ကြဖို့ အလေးအနက် အသိပေးလိုပါကြောင်း၊ ယခုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရေးသားရိုက်ကူးပညာပေး စည်းရုံးလှုံ့ဆော်မှုသာမက အခါအားလျော်စွာ နေ့စဉ်ထုတ်သတင်းစာတွေ ၊ အပတ်စဉ်ထုတ်ဂျာနယ်တွေနှင့် လစဉ်ထုတ် မဂ္ဂဇင်း တွေမှာပါ မိမိတို့ ကလောင်စွမ်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် အသိပညာပေးလှုံ့ဆော်ရေးသားပေးပါက ပြည်သူလူထုအတွင်း အားကစားကို စိတ်ပါဝင်စားလာပြီး မိမိတို့တတ်စွမ်းသရွေ့ အားကစားလှုပ်ရှားမှု များမှာ ပါဝင်ဆောင်ရွက်သူများ တစ်စတစ်စ ပိုမိုများပြားလာစေမှာဖြစ်ပါကြောင်း၊ လူ တစ်ဦးချင်းစီမှသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူလူထု အတွင်းအားကစားလှုပ်ရှားမှု တစ်ခုခုကို နေ့စဉ်ပုံမှန် ကိုယ်တိုင်ပါဝင်ဆင်နွှဲလာအောင် ယနေ့ဆုရရှိသူများအနေနဲ့ မိမိတို့ရဲ့ကလောင်စွမ်းအားကို ယခုထက်ပိုမိုမြှင့်တင်ပေး ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ ) ပြိုင်ပွဲဆိုင်ရာများအား Video Clip ဖြင့်ပြသပြီးနောက် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဌ ဦးဉာဏ်ထွန်း က (ဝတ္ထုတို၊ဆောင်းပါးနှင့် ကဗျာ )ဆုများရွေးချယ်ခြင်း နှင့် ပတ်သက်၍လည်းကောင်း၊ အလင်္ကာကျော်စွာဒါရိုက်တာပန်းချီစိုးမိုးက ဆုရဓာတ်ပုံများရွေးချယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် ၂၀၂၄ခုနှစ် ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်(ဝတ္ထုတို၊ ဆောင်းပါး၊ကဗျာနှင့်ဓာတ်ပုံ )ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့်ဓာတ်ပုံပညာရှင်များကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ဆုကြေးငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မောင်ရည်ကျော် (ရူပ)က ဆုရရှိသူများ ကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များကို ငွေကျပ် (၁၅)သိန်းစီချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ ) ပြိုင်ပွဲဆုရရှိမှု တို့အား ပြသထားမှုများကို လိုက်လံကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ Kabaddi အားကစားအဖွဲ့ချုပ်နှင့် တွေ့ဆုံရာ မြန်မာနိုင်ငံ Kabaddi အားကစားအဖွဲ့ချုပ်ဥက္ကဌ နှင့် တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ ၊ အားကစားကွင်းနှင့်ရုံးခန်းဆောင်ရွက်ပေးနိုင်ရေးများ၊ လေ့ကျင့်ရေးနှင့် လူရွေးချယ်မှုများ၊ ပြည်ပပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နိုင်ရေးများ၊ ဆုတံဆိပ်ရရှိနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်ရေး၊ အားကစားသမားများ၏ စိတ်ဓာတ်ကောင်းမွန်ပြီး နိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြစေရေးနှင့် အဖွဲ့ချုပ်မှတင်ပြဆွေးနွေးမှုများကို အသေးစိတ်ပြန်လည်ဆွေးနွေး ပြီးနောက် တာဝန်ရှိသူတို့က လိုအပ်သည်များအားဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။