အားကစားရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပိုက်ကျော်ခြင်းအားကစားသမားများ‌ တွေ့ဆုံယှဉ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းလူ၊ ဦးကျော်ထင်၊ ဒေါ်စန်းစန်းနွယ်၊ ဦးသိုက်စိုး၊ ဦးညီညီ(မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ)၊ ဒေါက်တာသောင်းနိုင်၊ ဦးအေးထွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယစာရင်းစစ်ချုပ် ဒေါ်ခိုင်ခိုင်အောင်၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ပြီးနောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပိုက်ကျော်ခြင်းအားကစားနည်းသည် မြန်မာ့ရိုးရာခြင်းလုံးကစားလေ့ရှိကြသည့် မြန်မာလူမျိုးများအတွက် ကျွမ်းဝင်နေပြီးသား အားကစားနည်းဖြစ်ပြီး နေရာအကျယ်အဝန်းများများ မလိုအပ်ဘဲ ခြင်းလုံးနှင့်ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် အားကစားနည်းဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး စိတ်ဝင်တစား ကစားနေကြသည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “အဖိုးနည်းဝန်ပါ သင်ကျန်းမာ၊ ပိုက်ကျော်ခြင်းကို ကစားပါ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်သာမက အားကစားအတွက်ပါ လေ့ကျင့်ယှဉ်ပြိုင် ကစားနိုင်သည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အာရှ အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၃၅ ခု၊ ငွေတံဆိပ် ၄၁ ခု၊ ကြေးတံဆိပ် ၅၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၃၁ ခုတို့ကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည့် အစဉ်အလာ ကောင်းသော အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် အာရှအဆင့်နှင့် အရှေ့တောင် အာရှအဆင့် အားကစားပြိုင်ပွဲများတွင် ယခုလို အောင်မြင်မှုအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ယနေ့ ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်းများမှ အားကစားသမားမောင်/မယ်များအနေဖြင့် မိမိတို့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းအောင်နိုင်ရေးအတွက် မိမိတို့၏ အစွမ်းအစနှင့် အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အနိုင်မခံ အရှုံးအပေးဘဲ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှ တဆင့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်လေ့ကျင့်သွားရန် တိုက်တွန်း မှာကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲတွင် ပါဝင်ကူညီအားပေးဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၁၀ ရက်ကြာ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၃၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။