![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
နေပြည်တော်၊ စက်တင်ဘာ ၉
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ လူငယ်မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ ပေါ်ထွက် လာစေရေး၊ အရည်အသွေးမြင့် လက်ရွေးစင်အားကစားသမားများ ရွေးချယ်မွေးထုတ်ပေးနိုင်စေရေးနှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားသည့်ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်းများမှ အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ဂျူဒိုအားကစားသမားများ စုစည်းတွေ့ဆုံပြီး မိမိတို့၏ အားကစားစွမ်းရည်များကို စမ်းသပ်ယှဉ်ပြိုင်နိုင်သည့် အရေးပါသော ပြိုင်ပွဲတစ်ရပ်ဖြစ်ကြောင်း၊ ဂျူဒိုမျိုးဆက်သစ်အားကစား သမားများ မွေးထုတ်ပေးနိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ယခုပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ဆုတံဆိပ်ရရှိရေး တစ်ခုထဲမဟုတ်ဘဲ မြန်မာ့ဂျူဒို အားကစားနည်းအတွက် လူငယ်မျိုးဆက်သစ်များကို ရွေးချယ်ဖော်ထုတ်ပေးနိုင်မည့် အရေးပါသည့် အားကစားကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် ဂျပန်နိုင်ငံ၏ ရိုးရာကိုယ်လုံပညာ အားကစားနည်းတစ်ရပ်ဖြစ်ပြီး ကိုယ်ကာယကြံ့ခိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းလိုက်နာမှု၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုနှင့်အခြားသူအပေါ် လေးစားမှုတို့ကို တစ်ပြိုင်နက်ထဲ လုပ်ဆောင်နိုင်သည့် အားကစားနည်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် လူငယ်လူရွယ် အများအပြား အလွယ်တကူ စိတ်ဝင်တစား လေ့ကျင့်ကစားနိုင်သည့် ကိုယ်လုံပညာရပ်ဖြစ်ပြီး ကိုယ်အလေးချိန်ဝိတ်တန်း တူညီသူများအချင်းချင်း ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ၁၉၆၅ ခုနှစ်(၃)ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် (၃၅)ခု၊ ငွေတံဆိပ်(၇၄)၊ ကြေးတံဆိပ် (၉၄)ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၀၆)ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကို ဂျူဒိုအားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များစွာကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ဂျူဒိုအားကစားသမားများအား နိုင်ငံတကာနှင့်ဒေသတွင်း ပြိုင်ပွဲများတွင် အတွေ့အကြုံကောင်းများရရှိလာစေရေးနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများ Training Camp များနှင့် International Competition များသို့ စနစ်တကျ စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြင့် မိမိတို့နိုင်ငံ ဂျူဒို လက်ရွေးစင်အားကစားသမားများ၏ အားကစားအရည်အသွေးများကို ပိုမိုတိုးတက်လာအောင် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျူဒိုအားကစားသမားများအနေဖြင့် နိုင်ငံတကာ အားကစားသမားများနှင့် ယှဉ်ပြိုင်လက်ရည်စမ်းခွင့်ရရှိနိုင်မည့်အပြင် အရည်အသွေးကောင်းများ တိုးတက်လာစေရန် နိုင်ငံတကာ နှင့်ဒေသတွင်းဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း စေလွှတ်ပြီးယှဉ်ပြိုင်စေလျက်ရှိပါကြောင်း၊ မလေးရှားနိုင်ငံ တွင် ကျင်းပခဲ့သည့် ပီနန်ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( JICA) ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲသို့ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် Judo In School အစီအစဉ်ကနေ ထွက်ပေါ်လာသည့် မျိုးဆက်သစ် အားကစားသမားလူငယ်များကို စုပေါင်း၍ စေလွှတ် ယှဉ်ပြိုင်စေခဲ့ရာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များစွာကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် လွန်စွာ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ယခုလိုအောင်မြင်မှုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် ပြိုင်ပွဲတွင် ပါဝင်ကူညီအား ဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဂျူဒို အမျိုးသား (-၃၈)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် ဇင်ညီညီ(ပဲခူး)နှင့် သန်းထက်ဦး (နေပြည်တော်) အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း၊ ဂျူဒိုအမျိုးသမီး (-၄၈)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် ခင်ပိုးပိုးအောင် (မန္တလေး)နှင့် နန်းဖြူသဇင်ဦး (ဧရာဝတီ)တို့၏ ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေး ခဲ့သည်။
“၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ပြိုင်ပွဲ ကာလ(၄)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း(၁၅)သင်း၊ အမျိုးသမီးအသင်း (၁၄)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၂၃၈)ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။




