![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များမှ အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မတ် ၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လူမှုရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်သို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် မီတာ ၄၀၀ မြေသားပြေးလမ်းပါ ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် မီးတားလမ်းများ ဖောက်လုပ်ဆောင်ရွက်ထားရန်လိုကြောင်း၊ အားကစားကွင်း/အားကစားရုံ ရေရှည် တည်တံ့စေရေး၊ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်နှင့် ဂိုးပိုက်များကို စနစ်တကျ တပ်ဆင် ထားရှိပြီး အမြဲတမ်း သစ်လွင်တောက်ပစေရေးတို့အတွက် ထုံး၊ ကော်ရည်နှင့် ဆေးဖြူများ သုတ်လိမ်းသွားရန်လိုကြောင်း၊ နွေရာသီအားကစားသင်တန်းများတွင် ဆုတံဆိပ်များများ ရရှိနိုင်သည့် ပြေးခုန်ပစ်နှင့် အတိုက်အားကစားနည်းသင်တန်းများ ဖွင့်လှစ်၍ မျိုးဆက်သစ်အားကစားသမားများ ရရှိစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးသွားရန်လိုကြောင်း တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်အားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းအတွင်း အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ အားကစားခန်းမတည်ဆောက်ရန် လျာထားမြေနေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားကွင်း/အားကစားရုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးများ ပုံမှန်ဆောင်ရွက်သွားရန်နှင့် အားကစားရုံအတွင်း ခိုငှက်များမဝင်ရောက်စေရေးအတွက် ငှက်ဝင်ရောက်နိုင်သည့်နေရာများကို ငှက်လုံသံဇကာများဖြင့် စနစ်တကျ ကာရံသွားရန်နှင့် ရေ၊ မီး သုံးစွဲမှုများ အဆင်ပြေစေရေး၊ ရေသုံးစွဲမှုလုံလောက်စွာရရှိစေရေး၊ ရေစင်တည်ဆောက်ထားမှုများ မပျက်စီးစေရေးအတွက် ရေစင်နှင့် သံတိုင်များကို ဆေး၊ ထုံးဖြူများ သုတ်လိမ်းသွားရန်နှင့် ဂိုးတိုင်၊ ဂိုးပိုက်များကို စနစ်တကျ တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းတနော်မြို့နယ် အားကစားကွင်းသို့ ဆက်လက် ထွက်ခွာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားကစားကွင်း/အားကစားရုံများတွင် ပြည်သူများလာရောက်လေ့ကျင့်ကစားနိုင်စေရေး၊ အားကစား လေ့ကျင့်မှုများနှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးအတွက် နွေရာသီအားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘောလုံးကွင်း ဂိုးတိုင်များ သစ်လွင်တောက်ပအောင် ဆေးဖြူ သုတ်လိမ်းထားပြီး ဂိုးပိုက်များစနစ်တကျ တပ်ဆင်သွားရန်လိုကြောင်း၊ အားကစားကွင်း/အားကစားရုံ များ ရေရှည်တည်တံ့စေရေးနှင့် အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် စနစ်တကျ တာဝန်ပေး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




