မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အားတွေ့ဆုံ
ရန်ကုန် ၊ မေလ (၁၄)ရက်။
ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အား တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်းဥက္ကဋ္ဌ နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ရန်ကုန်မြင်းစီးအလုပ်အမှုဆောင်အဖွဲ့သစ်ကို စနစ်တကျရွေးချယ် တင်မြှောက်နိုင်ရေးအတွက် ဆောင်ရွက်ရန်၊ မြင်းစီးအားကစား ပိုမိုတိုးတက်အောင်မြင်ရန်၊ မြင်းစီး အဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဥ်းတွင် ကလပ်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသူများက ရန်ကုန်မြင်းစီးအသင်းအမှုဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် မြင်းစီးအားကစား တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းမှတင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး မြင်းစီးအားကစားဖြင့် နိုင်ငံတကာနယ်ပယ်တွင် မြန်မာနိုင်ငံအဆင့်အတန်းကို ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


