မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်း အာရှဘောလုံး အဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းမှ အာရှဘောလုံး အဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ၊ ပတ္တမြားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းမှအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေနဲ့ ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ(၄)မျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ ဩဂုတ်လ(၆)ရက်နေ့မှ(၁၀)ရက်နေ့အထိ AFC U-20 Women’s ASIAN Cup Thailand 2026 Qualifiers ပြိုင်ပွဲ၊ ဩဂုတ်လ(၁၂)ရက်နေ့မှာ AFC Challenge League 2025 Preliminary Stage ပြိုင်ပွဲ၊ ဩဂုတ်လ(၁၅)ရက်နေ့တွင် ASEAN Club Championship Shopee Cup2025/2026 Qualifying Round ပြိုင်ပွဲ ၊ ဩဂုတ်လ(၂၅)ရက်နေ့မှ (၃၁ )ရက်နေ့အထိ AFC Women’s Championship League(AWCL)2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲများ ကျင်းပမှာဖြစ်ပါကြောင်း၊ အဆိုပါပြိုင်ပွဲများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သွားလာ နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပံ့ပိုးပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသွားပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ ပြိုင်ပွဲလက်ခံကျင်းပရခြင်း ကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက Video Clip ဖြင့် ပြိုင်ပွဲ ပွဲစဉ်များအား ရှင်းလင်းပြသခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


