မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်များအား စစ်ဆေး၍ ၂၀၂၆ခုနှစ်၊ အာရှဖလားအမျိုးသမီး ဘောလုံးခြေစစ်ပွဲအားကြည့်ရှုအားပေး
ရန်ကုန်၊ ဇူလိုင်လ (၅)ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်( ၀၈:၀၀ )အချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်းအမှတ်(၁)၌ I.S.P.E FC အမျိုးသား ဘောလုံးအသင်း နှင့် I.S.P.E FCအမျိုးသမီးဘောလုံးအသင်း အခြေခံကိုယ်လက်ကြံ့ခိုင်စွမ်းရည် ရှိစေရန် မီတာ(၈၀၀)အပြေး Training လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အားကစားသမား များအခြေခံနည်းစနစ်များ ကျွမ်းကျင်ကောင်းမွန်ရန်၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန်၊ နည်းပြဆရာ များ၏ သင်ကြားပြသဆုံးမမှုများကို လေးစားလိုက်နာကြရန်၊ ပြိုင်ပွဲယှဉ်ပြိုင်ကစားရာ၌ တိကျမှန်ကန်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်ရန် မှာကြားပြီး နည်းပြနှင့်တာဝန်ရှိသူ တို့အား လိုအပ် သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရွှေပင်လုံရှိ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်းသို့ရောက်ရှိရာ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့ကကြိုဆိုကြပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်အားကစားသမားများ မိုးတွင်းကာလ အတွင်းလေ့ကျင့်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေး၍ နိုင်ငံတော်မှ ထပ်ဆောင်းပေးအပ်သော စားစရိတ်များအား အလေအလွင့်မရှိစေဘဲ အားကစားသမားများ အင်အားပြည့် ကျွေးမွေးရာတွင် စနစ်တကျရှိစေရန်၊ နည်းပြများနှင့်အားကစားသမားများအားပြိုင်ပွဲသို့ စနစ်တကျ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှု ဆုတံဆိပ်များ ရရှိအောင်ကြိုးစားကြရန်မှာကြားခဲ့ပြီးနောက် ပြိုင်ပွဲသုံး အထောက်အကူပြုပစ္စည်းများ အားကြည့်ရှုစစ်ဆေးကာ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူ တို့က အားကစားအထောက်အကူပြုပစ္စည်းများ ဝယ်ယူရေးကိစ္စရပ်များ ၊ ခရစ်ကက် အားကစားရုံ
တည်ဆောက်ရေးကိစ္စရပ်များအားတင်ပြဆွေးနွေးရာပြည်ထောင်စုဝန်ကြီးကဖြည့်ဆည်းဆောင်ရွက်ပေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က ကြိုဆို
ကြပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ပါဝင်သည့် မြင်းအလှစီး (Dressage) ၊ မြင်းစီးတန်းခုန် (Show Jumping)၊ ခရီးကြမ်းစီးနင်း(Cross Country) သုံးမျိုးပေါင်း ဖြစ်သော Eventing မြင်းစီး အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်း လေ့ကျင့်နေမှုအခြေအနေများ၊ မြင်းစီးကွင်း၏ လက်ရှိမြေပြင်အခြေအနေများ၊ မျိုးဆက်သစ် မြင်းစီးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ကြိုးစားနေမှုများအား တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင်ဝေဇယန္တာလမ်းရှိ လူငယ် အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏတွင်ကျင်းပသော ၂၀၂၆ခုနှစ်၊ အာရှဖလားအမျိုးသမီး ခြေစစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနှင့် Bahrain အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ရာ မြန်မာ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက Bahrain အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းကို (၆)ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရှိရသည်။




