![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်နှင့် နိုင်ငံတကာအဆင့်မီ ရေကူးကန်သို့ သွားရောက်၍ လိုက်လံကြည့်ရှု
ရန်ကုန်၊ စက်တင်ဘာ ၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်နှင့် နိုင်ငံတကာအဆင့်မီ ရေကူးကန်သို့ သွားရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်၍ မြင်းစီး အသုံးအဆောင်လေ့ကျင့်ရေးပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က အဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်တွင် (၄၀)ကီလိုမီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့်ကိစ္စရပ်များ၊ (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လိုအပ် ချက်များ၊ ပြင်ဆင်နေမှုများ၊ မြင်းစီးအဖွဲ့ချုပ်၏ သမိုင်းနောက်ခံအကျဉ်းနှင့် ဖွဲ့စည်းပုံများအကြောင်းကို Video Clip ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း (၄၃)နည်း လျာထားသော်လည်း အဖွဲ့ချုပ်များ အနေဖြင့် စခန်းသွင်းလေ့ကျင့်နေမှု အချက်အလက်များကို ပြည့်ပြည့်စုံစုံဖြင့် အချိန်မီပေးပို့တင်ပြပေး စေလိုကြောင်း၊ ပြိုင်ပွဲလိုက်ပါမည့် အင်အားစာရင်းအား အတိအကျပေးပို့သွားစေလိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အဖွဲ့ချုပ်များ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်၍ မြန်မာ့အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးသွားစေလို ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်သို့ သွားရောက်၍ လာမည့်(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိရေးအတွက် ယခုအချိန်မှစ၍ စနစ်တကျနှင့် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အထူးဂရုစိုက်ကြစေလိုကြောင်း၊ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုများ၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် နည်းဥပဒေ စည်းမျဉ်း/စည်းကမ်းများကို အမြဲတမ်းလေ့လာမှတ်သားပြီး အားကစားသမားများကို စာတွေ့/ လက်တွေ့ သင်ကြားပြသပေးစေလိုကြောင်း၊ အားကစားသမားများကလည်း နည်းပြများ၏ သင်ကြား လေ့ကျင့်ပေးမှုများကို လိုက်နာမှတ်သားပြီး မိမိအားကစားနည်းတွင် ကျွမ်းကျင်ပိုင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့်သွားစေလိုကြောင်း တိုက်တွန်း အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌက လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှအောက်တိုဘာလ ၄ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ နာဂိုရာမြို့တွင် ကျင်းပမည့် ၅ ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက အဖွဲ့ချုပ်၏ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မျိုးဆက်သစ်အားကစားသမား များ ရှာဖွေစုဆောင်းထားရှိမှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်မည့် အားကစား နည်းများ၊ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့မှုအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ စခန်းသွင်းလေ့ကျင့်မှုအခြေအနေများ၊ နေထိုင်သွားလာစားသောက်မှု ကိစ္စရပ်များ နှင့် အခြားလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ပညာရေးအခြေခံကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်စေရေးအတွက် အတန်းပညာများသင်ကြားပေးနိုင်ရေး၊ ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးရယူပေးနိုင်ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှုတွင် ယခင်ရရှိခဲ့သည့် အဆင့်များထက် သာလွန်အောင် ပိုမိုကြိုးစားအားထုတ်လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ပြီးနောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်သို့ရောက်ရှိ၍ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ ခင်းကျင်းပြသထား သည့် လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများအား ကြည့်ရှုစစ်ဆေး၍ မြန်မာ့ လက်ရွေးစင်အားကစားသမားများ၏ 10 m Air Rifle ၊ 50m 3 Position ၊ 10 m Air Pistol ၊ 25 m Sport Pistol နည်းများ လေ့ကျင့်ပစ်ခတ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် စိတ်တည်ငြိမ်စွာဖြင့် အကောင်းဆုံးပစ်မှတ်ရရှိအောင် ပစ်ခတ်၍ အနိုင်ယူပြီး ဆုတံဆိပ်များ ဆွတ်ခူးရရှိအောင် ကြိုးစား သွားကြရန် အားပေးအမှာစကားပြောကြားခဲ့ပြီးနောက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတကာအဆင့်မီ ရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကူးကန်အား ရေကြည်၊ ရေသန့်စေရေး ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ရေကူးမျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်အောင် ရေကူးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




