![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)သို့ လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၂
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)သို့ ရောက်ရှိပြီး Synthetics မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း/အားကစားရုံများ အမြဲသန့်ရှင်းသာယာလှပစေရေးနှင့် မြက်ခင်းများ စိမ်းလန်းစိုပြေပြီး ညီညာလှပစေရေး ပုံမှန်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး အပါအဝင် ဝန်ထမ်းများအားလုံး မိမိတို့၏ ကျောင်း၊ အားကစားကွင်း/အားကစားရုံနှင့် ရေကူးကန်များ အမြဲ သန့်ရှင်းသပ်ရပ် သာယာလှပကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ အရည်အချင်းရှိသည့် ပြေးခုန်ပစ်အားကစားသမားများစွာ ပေါ်ထွန်းလာစေရေး အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည် ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ရေကူး၊ ဒိုင်ဗင်နှင့် ပြေးခုန်ပစ် အားကစားနည်းများ သည် ဆုတံဆိပ်များစွာရရှိသည့် အားကစားနည်းများဖြစ်သည့်အတွက် မျိုးဆက်သစ်အားကစားသမား များစွာ ရရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်သွားရန်၊ ပြေးခုန်ပစ်အားကစားနည်းတွင် အရည်အသွေး၊ အရည်အချင်းမြင့်မားသော နည်းပြဆရာကောင်းများထားရှိ၍ အားကစားသမားများ အား စနစ်တကျသင်ကြားလေ့ကျင့်ပေးသွားရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းစေရေးအတွက် နည်းပြဆရာများမှလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ချိတ်ဆက် ဆောင်ရွက်၍ အရည်အသွေးမြင့် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ် ပေးသွားရန် လိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Synthetics မီတာ(၄၀၀) ပြေးလမ်းအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မှတ်တမ်းမှတ်ရာများကို စနစ်တကျပြုစုဆောင်ရွက်သွားရန် မှာကြားခဲ့ပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ G.10၊ G.11၊ G.12 အောက်တိုဘာ နှစ်ဝက်ဆုံးစာမေးပွဲတွင် Chemistry ဘာသာရပ် ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု၍ စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူ များအား အားပေးစကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရေးတွင် ထူးချွန် ကြရန်နှင့် အားကစားတွင်လည်း ထူးချွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးနှင့် အားကစား ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရေး၊ အသိပညာ တိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ် များဖြစ်အောင် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားရန် အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သင်တန်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိသည့် ဆေးပေးခန်းသို့ သွားရောက်၍ ဆေးခန်းရှိ ဆေးဝါး များနှင့် ဆေးကုရာတွင်အထောက်အကူပြုသည့် စက်ပစ္စည်း Medical Machine များအား စနစ်တကျ အသုံးပြုနိုင်ရေး ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် အနောက်ဘက် တွင် ရေစင်တည်ဆောက်ထားရှိမှုနှင့် ရေစင်အား ရေရှည်အသုံးပြုနိုင်ရန်နှင့် တည်တံ့ခိုင်မြဲစေရန် အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ စာရိပ်သာ၌ သင်တန်းသား/ သင်တန်းသူ များ၏ နေ့လည်စာ စားသောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အာဟာရ ပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများနှင့် ပြည်သူများအား တွေ့ဆုံ၍ အားကစားပစ္စည်းများနှင့်လိုအပ်သည်များကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။



