အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရေကူး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ စကွက်ရှ်၊ ဝူရှူး၊ ကဘာဒီ၊ ကရာတေး၊ သေနတ်ပစ်၊ ပန်ကြပ်ဆီလပ်၊ ဘိလိယက်နှင့်စနူကာ၊ ဘိုးလင်း၊ ဂျူဒို၊ ဖူဆယ်၊ မွေ၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ စက်ဘီး၊ ပြေးခုန်ပစ်၊ စကိတ်၊ E-sports၊ ကစ်ဘောင်ဆင်၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေ၊ ဟော်ကီ၊ အလေးမ ပြိုင်ပွဲများလိုက်လံကြည့်ရှုအားပေး

ထိုင်း၊ ဒီဇင်ဘာ ၁၄

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ စကွက်ရှ်၊ ဝူရှူး၊ ကဘာဒီ၊ ကရာတေး၊ သေနတ်ပစ်၊ ပန်ကြပ်ဆီလပ်၊ ဘိလိယက်နှင့်စနူကာ၊ ဘိုးလင်း၊ ဂျူဒို၊ ဖူဆယ်၊ မွေ၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ စက်ဘီး၊ ပြေးခုန်ပစ်၊ စကိတ်၊ E-sports၊ ကစ်ဘောင်ဆင်၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေ၊ ဟော်ကီ၊ အလေးမ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ဗန်ကောက်မြို့ရှိ Grand Four Wings Hotel ၌ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ H.E Ms. Hannah Yeoh (Youth and Sports Minister Of Malaysia)နှင့် မြန်မာ့အားကစားအောင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ် အားကစားနည်း အမျိုးသား/အမျိုးသမီး ၁၀ မီတာ (Air Pistol) လေပစ္စတို တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ခိုင်ခိုင်ဝေ၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဗိုလ်လုပွဲ ပွဲစဉ်တွင် မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းအသင်းများမှ စုစုပေါင်း ၈ ဦး ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခိုင်ခိုင်ဝေက အဆင့်(၄)ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့်အဖွဲ့တို့က ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ရေကူးအားကစားနည်း အမျိုးသား/အမျိုးသမီး မီတာ ၅၀ အလွတ်ကူး နှင့် လိပ်ပြာကူးပြိုင်ပွဲများ၊ မြားပစ်အားကစားနည်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်း Recurve နှင့် Compound လက်ရည်စစ် (Ranking Round) ပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲများ၊ စကွက်ရှ်အားကစားနည်း အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများ၊ ဝူရှူးအားကစားနည်း ကွန့်စု၊ နန်းသောင်း၊ ထိုက်ချိကျန့်၊ ဆန်းဆို၊ အမျိုးသမီး ၅၆၊ ၆၀၊ ၇၀ ကီလိုတန်းပြိုင်ပွဲများ၊ ကဘာဒီအားကစားနည်း Standard Style Kabaddi ပြိုင်ပွဲ၊ ကရာတေး အားကစားနည်း အမျိုးသမီး ကုမိတဲ့အသင်းလိုက်ပြိုင်ပွဲ၊ သေနတ်ပစ်အားကစားနည်း အမျိုးသား/ အမျိုးသမီး ၁၀ မီတာ ပစ္စတို တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား ၅၅-၆၀ နှင့် ၆၀-၆၅ ကီလိုတန်းအတိုက်ပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား Snooker 6 Red Team နှင့် ဘိလိယက်အသင်းလိုက်ပြိုင်ပွဲများ၊ ဘိုးလင်းအားကစားနည်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများ၊ ဂျူဒိုအားကစားနည်း အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၊ ဖူဆယ်အမျိုးသမီးပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား/အမျိုးသမီး -၅၁၊ -၅၇၊ -၆၃ ကီလိုတန်းပြိုင်ပွဲ များ၊ လက်ဝှေ့အားကစားနည်း အမျိုးသမီး ၅၄၊ ၆၀ ကီလိုတန်းပြိုင်ပွဲများ၊ ဘတ်ကစက်ဘော အားကစားနည်း အမျိုးသား ငါးယောက်တွဲပြိုင်ပွဲ၊ စက်ဘီးအားကစားနည်း Women’s Criterium ပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသား/အမျိုးသမီး ၂၀ ကီလိုမီတာလမ်းလျှောက်နှင့် မာရသွန်ပြိုင်ပွဲများ၊ စကိတ်အားကစားနည်း Street ပြိုင်ပွဲ၊ E-sports အမျိုးသား/အမျိုးသမီး (MLBB)နှင့် FC Online Team ပြိုင်ပွဲများ၊ ကစ်ဘောင်ဆင်အားကစားနည်း

အမျိုးသား/အမျိုးသမီးပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာလှေ Men’s Single Sculls နှင့် Women’s Four(W4) လက်ရည်စစ်ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း Girl’s Optimist၊ Men’s ILCA7၊ Boy’s ILCA4၊ Boy’s Optimist ပြိုင်ပွဲများ၊ ဟော်ကီအားကစားနည်း အမျိုးသား ကွင်းပြင်ဟော်ကီပြိုင်ပွဲ၊ အလေးမအားကစားနည်း အမျိုးသမီး ၅၈ ကီလိုတန်းပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဗန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့၏ ယှဉ်ပြိုင်နေမှု အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် ဘိလိယက်နှင့် စနူကာအားကစားနည်း အမျိုးသား ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဦးပေါက်စ၊ ဦးအောင်ဌေးနှင့် ဦးနေသွေးဦးတို့အတွဲက စင်ကာပူအသင်းကို သုံးပွဲ၊ တစ်ပွဲဖြင့် အနိုင်ရရှိပြီး မြန်မာနိုင်ငံ အတွက် တတိယမြောက်ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဖြင့် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည့် အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက USD $ 300 အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ထိုင်းဘတ်ငွေ တစ်သောင်းအားလည်းကောင်း၊ ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်း က ထိုင်းဘတ်ငွေ သုံးသိန်းအားလည်းကောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးစိုင်းရွက်ခေးက USD $ 300 အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဂျူဒိုအားကစားနည်း အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုက်ထိုက်ကျော်၊ ကျော်ခန့်စိုး၊ စထက်ဝေဖြိုး၊ အေးအေးအောင်၊ ဖြိုးဆွေဇင်ကျော်နှင့် ပြည့်စုံအောင်တို့ အတွဲက ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် မြင်းစီးအားကစားနည်း Eventing Dreassage, Show Jumping & Cross Country အားကစားနည်းသုံးမျိုးပါသည့်ပြိုင်ပွဲတွင် မြန်မာအသင်းမှ သန်းနိုင်အောင်၊ စောမောင်နှင့် နန်းကိုဝင်းတို့အတွဲက ကြေးတံဆိပ်ဆုနှင့် ပိုက်ကျော်ခြင်းအားကစားနည်း သုံးယောက်တွဲ အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းနှင့် မြန်မာအမျိုးသမီးအသင်းတို့က ကြေးတံဆိပ်ဆုများကို ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၄ ရက်နေ့၏ ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၃ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။