မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် PENANE Invitational Judo Championship 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဧပြီ ၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ကျင်းပပြုလုပ်မည့် PENANE Invitational Judo Championship 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall) ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားအဖွဲ့များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်အစပိုင်းတွင် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့သည် အမိနိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးနိုင်ခဲ့ကြောင်း၊ အလားတူ ယခုဂျူဒိုပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအသင်းအနေဖြင့် လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံ့ဂုဏ်သိက္ခာထိခိုက်မည့်အပြုအမူမျိုး မပြုလုပ်မိအောင် ရှောင်ကြဉ်ကြရန်၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းမျဉ်း/ စည်းကမ်းများ လိုက်နာကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင် ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအတွက် အလှူရှင်များမှ လာရောက်လှူဒါန်းပေးထားသည့် ထောက်ပံ့ပစ္စည်းများ၊ အစားအသောက်များနှင့် သောက်ရေသန့်များကို လိုက်လံကြည့်ရှုခဲ့ပြီး သက်ဆိုင်သူများထံသို့ လက်ဝယ်ရရှိအောင် စနစ်တကျ ညီတူညီမျှ ပြန်လည်ခွဲဝေပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် (Youth Camp) တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများအား ဧပြီလမှစတင်၍ တစ်ဦးလျှင် တစ်သောင်း နှုန်းဖြင့် ချက်ပြုတ်ပြင်ဆင်ကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းလတ်ဆတ် မှုရှိစေရန်နှင့် အဟာရပြည့်ဝစွာ ကျွေးမွေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး အားကစားသမားများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။




