မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲတက်ရောက်
ရန်ကုန်၊ မေလ (၉)ရက် ။
(၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲ နှင့် ညစာစားပွဲအခမ်းအနားကို ယမန်နေ့ ည(၇)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးရှိန်ဝင်း၊ ဒုတိယဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အထောက်အကူပြုလုပ်ငန်း ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ ၊ ဆုရအားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင် မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီးကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် သွယ်သွယ်မိုး က ရွှေတံဆိပ်(၁)ခု၊ အမျိုးသားကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသမီး (၁၀)ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲတွင် ဟိန်းထက်အောင် ကရွှေတံဆိပ်(၁)ခု စုစုပေါင်း ရွှေတံဆိပ်(၄)ခုဖြင့် နိုင်ငံတော်အတွက် ရွှေတံဆိပ် ဆုများရယူပေးနိုင်ခဲ့ပါကြောင်း ၊ မြန်မာပြေးခုန်ပစ်အားကစားသမားများ အနေနဲ့လည်း ဇွဲ ၊ စိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ပြီး ကြိုးစားလေ့ကျင့်ကြမှသာ လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အောင်မြင်မှုဆုတံဆိပ်တွေ ရရှိမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားဖို့အတွက်ယခင်ကာလများနှင့်မတူထူးကဲစွာ အားပေးချီးမြှင့်လျက်ရှိပါကြောင်း ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ နည်းပြများကလည်း ယခုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများ၌ အောင်မြင်မှုတွေဆက်လက်ရရှိစေဖို့ ကြိုးစားကြစေလိုပါကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း မှ နှုတ်ခွန်းဆက်ဂုဏ်ပြု စကားပြောကြားပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မှ ၂၀၂၄ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အနေဖြင့် လှူဒါန်းငွေလက်ခံရရှိခဲ့မှုတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ အမှုဆောင်များနှင့် ဘဏ္ဍာရေးမှူးတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးလက်ခံရယူခဲ့ပါသည်။
ထို့နောက် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက်ခဲ့သော မြန်မာပြေးခုန်ပစ်အားကစားအသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးကျော်ထူးအောင်မှ ပြိုင်ပွဲအတွေ့အကြုံများကိုရှင်းလင်းပြောကြားပြီး Video Clip ဖြင့် ပြသခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားမီတာ (၈၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော မောင်ဟိန်းထက်အောင်အား မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ ချီးမြှင့်ငွေကျပ် သိန်း(၂၀)နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆောင်းချီးမြှင့် ငွေကျပ်(၃)သိန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အမျိုးသမီးကြိုးတပ် သံလုံးပစ် ပြိုင်ပွဲ တွင် ရွှေတံဆိပ်ဆုရရှိသော မသွယ်သွယ်မိုးအား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆောင်းချီးမြှင့်ငွေကျပ် (၃)သိန်းအားလည်းကောင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ အမျိုးသားမီတာ (၁၀၀၀၀) လမ်းလျှောက်ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိသော မောင်သန့်ဇင်အောင် အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်ဆောင်းချီးမြှင့်ငွေ ကျပ်(၃)သိန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်မှ အမျိုးသမီး(၁၀)ကီလို မီတာလမ်းလျှောက် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသော မဝင်းဝင်းခိုင် အား မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ ချီးမြှင့်ငွေကျပ်(၁၀)သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆောင်းချီးမြှင့် ငွေကျပ် (၃)သိန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး မှ နည်းပြဆရာ ဦးစိုးနိုင်ဝင်းအား ချီးမြှင့်ငွေကျပ်(၅)သိန်းအား လည်းကောင်း မြန်မာနိုင်ငံပြေးခုန်ပစ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းမှ အသင်းခေါင်းဆောင် ဦးကျော်ထူးအောင်အား ချီးမြှင့်ငွေကျပ် (၁၀)သိန်းအားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ အောင်ပွဲရပြေးခုန်ပစ် အားကစားအသင်းအား ငွေကျပ်(၅)သိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆောင်း ချီးမြှင့်ငွေကျပ် (၃)သိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် ရွှေတံဆိပ်ဆုများရရှိခဲ့သည့် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ ရွှေတံဆိပ်ဆု ရရှိခဲ့သော မောင်ဟိန်းထက်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။




