မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး
ရန်ကုန်၊စက်တင်ဘာလ(၁)ရက်။
မြန်မာ့ခြင်းလုံးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉ : ၀၀)နာရီအချိန်တွင် ပဲခူးမြို့ အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယကနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း က ပြိုင်ပွဲအား အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ် ဆိုခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နာယက နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ယနေ့ ယှဉ်ပြိုင်သည့် ပွဲစဉ်များအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများလိုက်ပါလျက် သနပ်ပင်မြို့နယ် အားကစားရုံနှင့်အားကစားကွင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကွင်းအတွင်းရေများ ဝင်ရောက်နေမှုအား ဒေသအာဏာပိုင်များနှင့် တင်ပြစီမံ၍ စည်ပင်ရေနုတ်မြောင်း အတွင်းသို့ စီးဝင်နိုင်စေရန် ကိစ္စရပ်များ၊ ဘောလုံးကွင်း မြေသားပြုပြင်မှုအား မကြာမီကျင်းပမည့် ပြိုင်ပွဲမတိုင်မီ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အားကစားရုံအတွင်း ဘတ်စကက်ဘော အားကစား ကွင်းအားအသုံးပြု နိုင်ရေးအတွက် ပြင်ဆင်နိုင်ရေးကိစ္စရပ်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။





