အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်လ(၁၅)ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့် ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်သည့် အတွက် မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်းလည်းဖြစ်သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ပေးရခြင်း ဖြစ်ကြောင်း၊ အကောင်းဆုံးအားကစားသမားဆုများကို ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှစပြီး ယခုကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအားကစားဆုများကို မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကောင်းဆုံးအားကစားသမားဆု၊ အားကစားနည်းပြဆု၊ အားကစားအုပ်ချုပ်သူဆုနှင့် အားကစားအသင်းလိုက်ဆုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့က နှစ်စဉ် တစိုက်မတ်မတ် စနစ်တကျ ရွေးချယ်ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်းသည် အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်တက်လှမ်းနိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အာကစားလောကဖွံဖြိုးတိုးတက်စေရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေးခြင်းများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများအားလုံး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားကြရန် လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာစေရမည်ဆိုသည့် ခိုင်မာသည့်ရည်မှန်းချက်များဖြင့် ကြိုးစားသွားမည်ဆိုပါက မလွဲမသွေ အောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်အခမ်းအနားသည် မြန်မာ့အားကစားတိုးတက်မြင့်မားစေရန် များစွာ အထောက်အကူပြုသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ယခုလိုအကောင်းဆုံး အားကစားသမားဆုချီးမြှင့်နိုင်ရေးအတွက် နှစ်စဉ်မပြတ် စိစစ်ရွေးချယ်စီစဉ်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် လက်တွေ့ကျပြီး ထိရောက်သည့်စီမံချက်များ ရေးဆွဲ၍ ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်နှင့် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကလည်း ခိုင်မြဲသည့်ယုံကြည်ချက်၊ မြင့်မားသည့်စိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝိရိယများဖြင့် အမိနိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးရယူပေးနိုင်ရေး အစွမ်းကုန် ကြိုးစားသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက ၂၀၂၃ ခုနှစ် အတွက် အကောင်းဆုံးအားကစားသမားဆုများရွေးချယ်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူများ၏ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု Video Clip အား ပြသခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား/အမျိုးသမီးအားကစားသမားဆုများကို အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ မောင်ဇင်ကိုကိုနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့တို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)စီပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဆုရရှိသူများကိုယ်စား ပိုက်ကျော်ခြင်း အားကစားသမား မောင်ဇင်ကိုကိုက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားသမားများတက်ရောက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Cluster(9)ရှိ စားရိပ်သာတွင် စားသောက်သည့် နေရာပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြင်ဆင်ချက်ပြုတ်နေမှုများနှင့် အသီးရွက်ထားရှိသည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။