အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းအာရှဖလား ဘောလုံးပြိုင်ပွဲ အသက်(၁၇)နှစ်အောက် ချစ်ကြည်ရေးခြေစမ်းပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မှ အာရှဖလားဘောလုံးပြိုင်ပွဲ အသက်(၁၇)နှစ်အောက် ချစ်ကြည်ရေး ခြေစမ်းပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁၃ : ၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးဦးဌေးအောင် ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်(ငြိမ်း) ဦးကျော်ဆန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အာရှဖလားဘောလုံးပြိုင်ပွဲ အသက်(၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း နှင့် အသက်(၁၇)နှစ်အောက် အိန္ဒိယလက်ရွေးစင်ဘောလုံးအသင်း ချစ်ကြည်ရေးခြေစမ်းပွဲကို မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အိမ်ရှင်အဖြစ်သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ အသင်းများအတွက် ပြည်ဝင်ခွင့်ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ၊ အိန္ဒိယလက်ရွေးစင်အမျိုးသား ဘောလုံးအသင်းပြိုင်ပွဲကွင်းသို့ လာရောက်သည့်အချိန်၊ ပြိုင်ပွဲကစားနေသည့်အချိန်နှင့် ပြိုင်ပွဲကွင်းမှ ပြန်လည်ထွက်ခွာသည့်အချိန်များတွင် လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲဝင်အသင်းတည်းခိုနေထိုင် စားသောက်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်လမ်းကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ အလေးထားဆောင်ရွက် ပေးစေလိုကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က ပြိုင်ပွဲလက်ခံ ကျင်းပရခြင်းကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းထွန်းအောင် က ဘောလုံးပြိုင်ပွဲနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်(ငြိမ်း)နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြိုင်ပွဲနှင့်ပတ်သက်သည့် လိုအပ်ချက်များအား ထပ်မံဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် ဒုတိယဝန်ကြီးက လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးကို အထူးဂရုစိုက်ကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်‌ကြောင်းမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။