![]()
မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးရရှိ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ပိုက်ကျော်ခြင်း၊ စကွက်ရ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ကဘာဒီ၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာ၊ ဖူဆယ်၊ E-sports၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြင်းစီး၊ နပန်းနှင့် ရွက်လှေပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီးဒေါ်ခင်မိုးမိုးခိုင်၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့်ဇနီး ဒေါ်စန္ဒာခိုင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီးဒေါ်ခင်မိုးမိုးခိုင်၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့်ဇနီး ဒေါ်စန္ဒာခိုင်၊ မြန်မာအားကစားအသင်းမှ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာလှေအားကစားနည်း အမျိုသမီးကမ်းရိုးတမ်း/ကမ်းခြေ တစ်ယောက်လှော် (၂)တက်ပေါင်း ၈ တက်လှော် ပြိုင်ပွဲတွင် မြန်မာအသင်းမှ နီလာဝင်း၏ ယှဉ်ပြိုင် နေမှုအားလည်းကောင်း၊ ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ Samudara Klia Yachting Center, Sattahip Chonburi ၌ ရွက်လှေအားကစားနည်း SSL 47 ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်နေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အလားတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များလိုက်ပါလျက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Chalermphrakiat Sports Operation Center Building Rajamangla University of Technology Rattanakosin Bangkok ၌ ကဘာဒီအားကစားနည်း Three Stars ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်း၊ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာအသင်းနှင့် အရှေ့တီမောအသင်းတို့၏ ယှဉ်ပြိုင်နေမှု များအားလည်းကောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အရှေ့တီမောအသင်း၊ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်း၊ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ယှဉ်ပြိုင်နေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား/ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ စကွက်ရ်အားကစားနည်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ စက်ဘီးအားကစားနည်း အမျိုးသမီး တစ်ဦးချင်း (Road Race)ပြိုင်ပွဲ၊ သေနတ်ပစ်အားကစားနည်း ၂၅ မီတာ ပစ္စတို အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့်အသင်းလိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်အားကစားနည်း အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း Three Stars ပြိုင်ပွဲ၊ ခရစ်ကတ် အားကစားနည်း T20i အမျိုးသမီးပြိုင်ပွဲ၊ လက်ဝှေ့အားကစားနည်း ၅၀ နှင့် ၅၇ ကီလိုတန်းပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာအားကစားနည်း Snooker အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ ဖူဆယ်အမျိုးသားပြိုင်ပွဲ၊ E-sports အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေအားကစားနည်း အမျိုသမီးကမ်းရိုးတမ်း/ ကမ်းခြေ တစ်ယောက်လှော် (၂)တက်ပေါင်း ၈ တက်လှော်ပြိုင်ပွဲနှင့် အမျိုးသား နှစ်ယောက်လှော် (၂)တက်ပေါင်း ၄ တက်လှော်ပြိုင်ပွဲများ၊ မြင်းစီးအားကစားနည်း Jumping Individual Qualification ပြိုင်ပွဲ၊ နပန်းအားကစားနည်း အမျိုးသား Greco Roman (-67)kg ပြိုင်ပွဲများနှင့် -၆၇၊ -၇၇၊ -၉၇ ကီလိုတန်းပြိုင်ပွဲများနှင့် ရွက်လှေအားကစားနည်း SSL 47 ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။
အပြည်ပြည်ဆိုင်ရာလှေလှော်အားကစားနည်း အမျိုသမီးကမ်းရိုးတမ်း/ကမ်းခြေ တစ်ယောက် လှော် (၂)တက်ပေါင်း ၈ တက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နီလာဝင်းသည် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
ယမန်နေ့ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ဘုန်းမြင့်ကျော်သည် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၇ ရက်နေ့၏ ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၇ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။




