အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု၊ ပြေးခုန်ပစ်အားစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၀ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၀ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်

ထိုင်း၊ ဒီဇင်ဘာ ၁၅

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ ခရစ်ကက်၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘော်လီဘော၊ ပန်ကြပ်ဆီလပ်၊ ဘိလိယက်နှင့်စနူကာ၊ ကဘာဒီ၊ ကစ်ဘောင်စင်၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ဘက်စကက်ဘော၊ ဝူရှူး၊ မွေ၊ E-Sport၊ စစ်တုရင်၊ အပြည်ပြည်ဆိုင်ရာလှေ၊ အလေးမ၊ ရွက်လှေနှင့်ဟော်ကီပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင်နှင့်အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုူအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့်အတူ ဗန်ကောက်မြို့ရှိ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသား/အမျိုးသမီး ၁၀ မီတာ (Air Pistol) လေပစ္စတို ပြိုင်ပွဲတွင် မြန်မာအသင်းမှ ရဲထွန်းနောင်နှင့် ခိုင်ခိုင်ဝေတို့အတွဲ၏ တတိယလုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးများ၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အုပ်ချုပ်မှုအဖွဲ့ဝင်များ သည် ဗန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ဘုန်းမြင့်ကျော်နှင့် အင်ဒိုနီးရှားအသင်းမှ Dhendy Kristanto တို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး ခဲ့ပြီးနောက် ဗန်ကောက်မြို့ရှိ Chaeng Watt Hana Government Conplex (Multi-Purpose A rea, 2nd Floor, Ratthaprasanab Hakti Building ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းမှ မြန်မာအားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် ရေကူးအားကစားနည်း အမျိုးသား မီတာ ၂၀၀ ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ ခရစ်ကက်အားကစားနည်း အမျိုးသမီး T20i ပြိုင်ပွဲ၊ မြားပစ် အားကစားနည်း အမျိုးသား/အမျိုးသမီး Compound တစ်ဦးခြင်း ရှုံးထွက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသား+အမျိုးသမီး ၁၀ မီတာ (Air Pistol) လေပစ္စတို ပြိုင်ပွဲ၊ ဘော်လီဘော အမျိုးသားပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား/အမျိုးသမီး ၆၅-၇၀၊ ၅၅-၆၀၊ ၇၅-၈၀၊ ၈၅-၉၀၊ ကီလိုတန်း ပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲ၊ ကဘာဒီ အားကစားနည်း အမျိုးသား Super five ပြိုင်ပွဲ၊ ကစ်ဘောင်စင် အမျိုးသမီး K1-52 kg ပြိုင်ပွဲနှင့် Point Fighting -50 kg ပြိုင်ပွဲ၊ ဖူဆယ် အမျိုးသမီးပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသား လှံတံပစ် ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲ၊ ဘက်စကက်ဘောအားကစားနည်း အမျိုးသား ၅ ယောက်တွဲပြိုင်ပွဲ၊ ဝူရှူးအားစားနည်း အမျိုးသား/အမျိုးသမီး နန်းကွန့်၊ ထိုက်ကျိကျန့်၊ အတွဲအတိုက် (လက်နက်)၊ အတွဲအတိုက်(လက်နက်မဲ့)နှင့် ဆန်းဆို အမျိုးသမီး ၅၆၊ ၆၀ ကီလိုတန်းပြိုင်ပွဲများ၊ မွေအားကစားနည်း -၅၄ နှင့် -၇၁ ကီလိုတန်းပြိုင်ပွဲ၊ E-Sports အားကစားနည်း အမျိုးသားအသင်းလိုက် (MLBB)ပြိုင်ပွဲ၊ စစ်တုရင်အားကစားနည်း ထိုင်းရိုးရာစစ်တုရင် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး အသင်းလိုက် လေးယောက်တွဲ အမြန်ရွှေ့ပြိုင်ပွဲ၊ လှေလှော်အားကစားနည်း အပြည်ပြည် ဆိုင်ရာလှေ အမျိုးသမီး ကမ်းရိုးတန်း/ကမ်းခြေ တစ်ယောက်လှော် (၂)တက် ပေါင်း (၈)တက်လှော် ပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်လှော် (၂)တက် ပေါင်း(၄)တက်လှော်ပြိုင်ပွဲနှင့် အမျိုးသမီး လေးယောက် လှော် (၂)တက် ပေါင်း(၈)တက်လှော်ပြိုင်ပွဲ၊ အလေးမအားကစားနည်း အမျိုးသား ၇၉ ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး ၆၃ ကီလိုပြိုင်ပွဲနှင့် ရွက်လှေအားကစားနည်း Keel SSL 47 ပြိုင်ပွဲ၊ ဟော်ကီအားကစားနည်း အမျိုးသား ကွင်းပြင်ဟော်ကီပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။

ဝူရှူးအားကစားနည်း အမျိုးသား သွေ့လျန်(လက်နက်မဲ့)ပြိုင်ပွဲတွင် တင့်ထူးဝေနှင့်ရဲရင့်ထွန်းတို့ အတွဲက ငွေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး သွေ့လျန်(လက်နက်)ပြိုင်ပွဲတွင် ခိုင်စန္ဒာစိုးနှင့် သုပန်ထွာတို့အတွဲက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဆန်းဆို အမျိုးသမီး ၆၀ ကီလိုပြိုင်ပွဲတွင် နှင်းနုဝါက ငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး ၅၆ ကီလိုတန်းပြိုင်ပွဲတွင် ချယ်ရီသန်းက ငွေတံဆိပ်ဆုကိုလည်းကောင်း မြန်မာနိုင်ငံအတွက် ရယူပေးနိုင်ခဲ့သည်။

ယမန်နေ့ ပြိုင်ပွဲများဖြစ်သည့် ပြေးခုန်ပစ်အားကစားနည်း အမျိုးသား ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နိုင်လင်းထွန်းသည် ထိုင်း၊ မလေးရှား၊ လာအိုနှင့် ဖိလစ်ပိုင် အသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့ရာ စံချိန် ၁:၃၇.၅၅ စက္ကန့်ဖြင့် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မေထက်သည် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့ရာ စံချိန် ၁:၄၇.၄၁ စက္ကန့်ဖြင့် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ရွက်လှေအားကစားနည်းမှ Boy’s ILCA 4.7 ပြိုင်ပွဲတွင် ခွန်ထွန်းဦးမှ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကိုလည်းကောင်း ထပ်မံဆွတ်ခူး ရယူပေး နိုင်ခဲ့သည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် ဝူရှူးအားကစား နည်း သွေ့လျန်(လက်နက်မဲ့)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် တင့်ထူးဝေနှင့်ရဲရင့်ထွန်း တို့အတွဲ၊ ဆန်းဆို အမျိုးသမီး ၆၀ ကီလိုပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် နှင်းနုဝါနှင့် အမျိုးသမီး ၅၆ ကီလိုတန်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ချယ်ရီသန်းတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ငွေတံဆိပ်ဆုအတွက် USD $ 200 နှင့် ကြေးတံဆိပ်ဆုအတွက် USD $ 100 တို့အားလည်းကောင်း၊ အားကစားအောင်နိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်သည့် ထိုင်းဘတ်ငွေ 10000 ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိ သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၈၀၊ ကြေးတံဆိပ်ဆုရရှိသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ နှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၀ တို့ကို မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာတို့ကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၅ ရက်နေ့၏ ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၀ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၀ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။