အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၅ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်

ထိုင်း၊ ဒီဇင်ဘာ ၁၆

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် စက်ဘီး၊ မြားပစ်၊ သေနတ်ပစ်၊ ဘိုးလင်း၊ ဘိလိယက်နှင့်စနူကာ၊ ကဘာဒီ၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောက်ဆင်၊ ပြေးခုန်ပစ်၊ E-sports၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေနှင့် အလေးမပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှု အဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ သည်။

ဦးစွာ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုူအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့်အတူ ဗန်ကောက်မြို့ရှိ Football Field 1, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် မြားပစ်အားကစားနည်း အမျိုးသား/အမျိုးသမီး Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် မြန်မာအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအား တွေ့ဆုံ၍ ဆက်လက်ယှဉ်ပြိုင်သွား မည့် ပြိုင်ပွဲ ပွဲစဉ်များတွင် မိမိတို့ရရှိထားသော ကောင်းမွန်သည့်ရမှတ်များ၊ စံချိန်/စံညွှန်းများအတိုင်း ထပ်မံ ရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားရန် တိုက်တွန်းအားပေးစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် John Paul II Sports Center, Assumption University, Samut Prakan, Bangkok ၌ ကျင်းပလျက်ရှိသည့် ကစ်ဘောက်ဆင်အားကစားနည်း အမျိုးသမီး Point Fighting -50 kg ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ လင်းစန္ဒာဌေးနှင့် ဗီယက်နမ်အသင်းမှ အားကစားသမားတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ K1 -52kg ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ မေသဇင်ထူးနှင့် ထိုင်းအသင်းမှ အားကစားသမားတို့၏ ယှဉ်ပြိုင်နေမှုများအားလည်းကောာင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် စက်ဘီးအားကစားနည်း အမျိုးသား (Road Race) တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ မြားပစ်အားကစားနည်း အမျိုးသား/ အမျိုးသမီး Recurve တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲများနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၂၅ မီတာ ပစ္စတိုတစ်ဦးချင်းအနှေးပစ်ခတ်စဉ်ပြိုင်ပွဲ၊ ဘိုးလင်းအားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း Super Five ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား/အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ ဖူဆယ်အမျိုးသားပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား/အမျိုးသမီး -၅၇၊ -၆၃၊ -၅၄ နှင့် -၅၁ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုးသား ၆၀ နှင့် အမျိုးသမီး ၆၆ ကီလိုတန်းပြိုင်ပွဲများ၊ ကစ်ဘောက်ဆင် အားကစားနည်း အမျိုးသမီး Point Fighting -50 kg နှင့် K1-52 kg ပြိုင်ပွဲများ၊ ပြေးခုန်ပစ်အားကစားနည်း သံလုံးပစ်နှင့် မီတာ ၃၀၀၀ တားဆီးကျော်ပြိုင်ပွဲများ၊ E-sports အားကစားနည်း အမျိုးသမီး(MLBB)အသင်းလိုက်ပြိုင်ပွဲ၊ စစ်တုရင်အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲနှင့် အာဆီယံစစ်တုရင်အမျိုးသမီးအသင်းလိုက်အမြန်ရွှေ့ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ် အားကစားနည်း အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲရှုံးထွက်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာလှေအားကစားနည်း အမျိုးသား (Men’s Single Sculls) ပြိုင်ပွဲနှင့် အမျိုးသမီး Women’s Four(W4) ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား/အမျိုးသမီး Keel Boad SSL47 ပြိုင်ပွဲ၊ အလေးမအားကစားနည်း အမျိုးသား ၉၄ ကီလိုတန်း ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ကစ်ဘောက်ဆင်အားကစားနည်း Point Fighting –50 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ လင်းစန္ဒာဌေးနှင့် K1 –52 kg ပြိုင်ပွဲတွင် မေသဇင်ထူးတို့က ငွေတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရယူ ပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက USD $ 200 စီအားလည်းကောင်း၊ မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်သည့် ထိုင်းဘတ်ငွေ ၁၀၀၀၀ ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း မှ ရှိန်းဝဏ္ဏဇော်၊ ဇော်မင်းခန့်၊ ဇင်မင်းဦး၊ ဖြူဖြူသန်း၊ ဖူးဖူးနှင့် နှင်းနှင်းဝေတို့အတွဲက ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့သည်။

စစ်တုရင်အားကစားနည်း အာဆီယံစစ်တုရင်အမျိုးသမီး အသင်းလိုက်အမြန်ရွှေ့ပြိုင်ပွဲတွင် မြန်မာအသင်းမှ စုစုလှိုင်၊ စိုးမိုးခိုင်၊ မေဆုလွင်၊ မေဆက်လွင်နှင့် မျိုးမျိုးသူတို့အတွဲက ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် ဝူရှူးအားကစားနည်း ဆန်းဆို အမျိုးသား ၇၀ ကီလိုတန်းပြိုင်ပွဲ တွင် မြန်မာအသင်းမှ မျိုးမင်းထက်က ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၆ ရက်နေ့၏ ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၅ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။