မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
ရန်ကုန်၊ မေလ (၁၀)ရက် ။
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ၊ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကော်မတီများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲ့ဒီနိုင်ငံရဲ့ အနာဂတ်တာဝန်များကို ပခုံးပြောင်းလွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည် ကိုယ်ကျင့်တရား တာဝန်ယူမှုတာဝန်ခံမှု ဦးဆောင်နိုင်မှုနဲ့ စိတ်ဓာတ်ရေးရာမြင့်မားခိုင်မာမှုစတဲ့ အချက်များအပေါ်မှာ များစွာမူတည်ပါကြောင်း၊ မြန်မာနိုင်ငံရှိ လူငယ်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းကျော်လွှားပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များကိုလည်း ရေးဆွဲပြဌာန်းနိုင်ခဲ့ပြီး ဦးစားပေးအစီအစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊လူငယ်များတက်တက်ကြွကြွ ပါဝင်လာအောင် လူငယ်ကဏ္ဍ မူဝါဒ(၁၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကော်မတီ(၁၈)ခုကို ဖွဲ့စည်းထားရှိပြီး လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီအနေဖြင့်လည်း အတိုင်ပင်အကြံပေးများခေါ်ယူ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရာ မဟာဗျူဟာအစီအစဉ်(Strategic Plan)နှင့်လုပ်ငန်းစဉ်များ(Tactical Plan)ပေါ်ထွက်လာစေရန် အတွက် ကော်မတီတစ်ခုချင်းအလိုက် မဟာဗျူဟာများရေးဆွဲခြင်း၊ ဦးတည်အုပ်စုသတ်မှတ်ခြင်း၊ ကာလတိုကာလရှည် မျှော်မှန်းရလဒ်များ ၊ စိတ်ခေါ်မှုများ ၊ အထောက်အပံ့များစတဲ့ အချက်တွေကို ဆွေးနွေးကြပြီး စောင့်ကြည့်သုံးသပ်မှုများကို ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လူငယ်ကဏ္ဍ(၁၆)ရပ်၏ အကောင်အထည်ဖော်မှုများကိုများစွာ အထောက်အပံ့ပေးသွားနိုင်မှာဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့လည်း မြန်မာနိုင်ငံအတွင်းမှာရှိသည့် လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဗလငါးတန်မြင့်မားဖို့ ၊ စွမ်းရည်မြှင့်တင်ပေးနိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်ရေး လုပ်ငန်းစဉ်များ၌ အားပေးမြှင့်တင်နိုင်ဖို့နဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည် ၊ ဆက်သွယ်နိုင်မှုစွမ်းရည် ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည် ၊ ဖန်တီးနိုင်မှုစွမ်းရည် မြှင့်တင်ပေးနိုင်ဖို့ ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ၊ လူမှုရေးဆိုင်ရာပြဿနာဖြေရှင်းနိုင်မှုနှင့် နိုင်ငံတော်ရဲ့အနာဂတ်မှာ အရေးပါတဲ့ လူငယ်တွေရဲ့စွမ်းရည်ကို ပြည့်ပြည့်ဝဝအသုံးချနိုင်ဖို့ အတွက်လူငယ်စင်တာမှာ တစ်ပြေးညီအသုံးပြုဆောင်ရွက်နိုင်ရန်အတွက် SOP ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအနေနဲ့လည်း နိုင်ငံတော်ကချမှတ်ထားရှိတဲ့ လူငယ်ရေးရာမူဝါဒများနှင့်အညီ လူငယ်လူရွယ်များကို စိတ်ဓာတ်မြင့်မားသူ ၊ ရိုးသားဖြောင့်မတ်ပြီး စွမ်းရည်ပြည့်စုံတဲ့ လူငယ်လူရွယ်တွေမြောက်မြားစွာ ဖြစ်ပေါ်လာပြီး ဗလငါးတန်နဲ့ပြည့်စုံသည့် အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ် ကြိုးစားရင်း ဖွံ့ဖြိုး တိုးတက်တဲ့ လူ့အဖွဲ့အစည်းကိုဖန်တီးပုံဖော်ရာမှာ
အားကြိုးမာန်တက်ပါဝင်နိုင်သူများဖြစ်ကြပါစေကြောင်းပြောကြားသွားပါသည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းမှလမ်းညွှန်အမှာစကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့်ကော်မတီ(၁၈)ခုမှ ကော်မတီဝင်များနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။ အစီအစဉ်ဒုတိယပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူးအားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဇင်မင်းထက်မှလူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဗဟိုကော်မတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားရှိသည့် လူငယ်ရေးရာကော်မတီ(၁၈)ဖွဲ့တို့နှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီအတွင်းရေးမှူး ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အမှုဆောင်များ နှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ ဥက္ကဌ ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး နှင့် အမှုဆောင်တို့မှ မိတ်ဆက်ကြပြီးနောက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် စခန်းသွင်းထားရှိမှု အခြေအနေများ ၊ အဖွဲ့ချုပ်၌ချမှတ်ထားသော မူဝါဒဆောင်ရွက် ချက်များ၊ အောင်နိုင်ရေးကိစ္စရပ်များ၊ ပြည်ပပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် အခြေအနေများ ၊ နည်းပြ / ဒိုင်များ၏ ဆောင်ရွက်ချက် များနှင့်အခက်အခဲများ ၊ ပြိုင်ပွဲသုံးနှင့် လေ့ကျင့်ရေးသုံးပစ္စည်း တင်ပြတောင်းခံမှုများ ၊ Sports Seminar ပြုလုပ်နိုင်ရန် ကိစ္စရပ်များ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ် နိုင်ရေးကိစ္စရပ်များဆွေးနွေးတင်ပြခဲ့ပါသည်။ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က အဖွဲ့ချုပ်မှ တင်ပြဆွေးနွေးမှုများအပေါ်ရှင်းလင်းဖြေကြားပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးမှ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးကပ်လာပြီဖြစ်သည့်အတွက် အဖွဲ့ချုပ်မှ စည်းမျဉ်း/ စည်းကမ်းများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိန်ခေါ်မှုအကန့်အသတ်များထဲမှ ကြိုးစားဆောင်ရွက်ပေးနေ သည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်း/ပြည်ပပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိအောင် အဖွဲ့ချုပ်မှဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌကို တွေ့ဆုံ၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်မှု ရရှိရေးအတွက် ဆွေးနွေးခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဒဏ်ခံရသော ဝန်ထမ်းများအတွက် လှူဒါန်းငွေကျပ်(၂၅)သိန်းကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစား အဖွဲ့ချုပ်ဥက္ကဌမှ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။




