အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ‘‘လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ’’ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင်လ (၂၆)ရက် ။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ‘‘လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ’’ အခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီတာအောင် ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကို ပညာတတ်များနဲ့သာ တည်ဆောက်နိုင်မှာဖြစ်သည့်အတွက် ပညာရည်မြင့်မားရေးသည် အဓိက အရေးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ၊ အတွေးအခေါ် မှန်ကန်ရေးနဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားဆောင်ရွက်ပြီး မြေတောင်မြှောက်ပြုစုပျိုးထောင် ပေးလျက်ရှိပါကြောင်း၊ အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံတော်အနေနဲ့ လူသားအရင်းအမြစ်များဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်တွေအပြင် စိုက်ပျိုးမွေးမြူရေး၊ စက်မှုပညာရပ်များကို အခြေခံပညာ၊ ဒီပလိုမာသင်တန်းများမှ တစ်ဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့်တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်ရေးရာမူဝါဒပါ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်တွေအချင်းချင်းကြား ချစ်ကြည်ရင်းနှီးစွာနဲ့ အတွေ့အကြုံ ဗဟုသုတများ ဖလှယ်နိုင်စေဖို့ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များနဲ့ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး ဖော်ထုတ်မြှင့်တင်နိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတ ဖြစ်တဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ရေးအတွက် (၁၂.၈.၂၀၂၄)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် ဒီဇင်ဘာလမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲမှ အဆင့်မီသည့် အားကစားသမားများအား ရွေးချယ်၍ လာမည့် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွား မှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် ၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ စိတ်ဓာတ်၊ စည်းကမ်းရှိသူများ၊ ခေတ်မီတိုးတက်သည့် အသိပညာ ဗဟုသုတတိုးပွားသူများ ဖြစ်အောင်ကြိုးစားနေထိုင်ပြီး မိမိတို့ တိုင်းပြည်အနာဂတ် လင်းလက်လှပအောင် ဦးဆောင်နိုင်တဲ့ လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ကင်းထောက်သင်တန်းများ၊ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ စာအုပ်စာပေပြပွဲများ၊ အားကစားသင်တန်းများနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ/ဆရာမလောင်းများသည် နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များဖြစ်ပါ‌သောကြောင့် နောင်လာမည့် မျိုးဆက်သစ်လူငယ်များ လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ဆရာ/ဆရာမတို့သည် ယနေ့လူငယ် နောင်ဝယ်လူကြီးများ ဖြစ်လာမည့်သူများဖြစ်ပါကြောင်း၊ အားကစားကဏ္ဍ သည် စာပေပညာသင်ကြားရာတွင်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုပါကြောင်း၊ အားကစားကို လိုက်စားခြင်းအားဖြင့် အကျိုးကျေးဇူး(၁၀)ချက်ကို ရရှိနိုင်ပါကြောင်း၊ တပည့်များကို သင်ကြားပို့ချရာတွင် စိတ်ရှည်သီးခံပြီး မိမိသင်ကြား ပေးနေရသည့် ကလေးတို့၏ စိတ်သဘောထားကို သိမြင်လေ့လာပြီး သဘောသဘာဝကို နှိုင်းယှဉ်သင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့၏ ဘဝကို မြင့်မြင့်မားမား တင့်တင့်တယ်တယ်ဖြစ်အောင် စွမ်းဆောင်ကြပြီး နောင်လာမည့် အနာဂတ် နိုင်ငံတော်မှာ အားကိုးအားထားပြုရမည့် မျိုးဆက်သစ်များ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်ပါရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်းမှ အားကစားဆိုင်ရာအသိပညာပေးဟောပြောပို့ချပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မှ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီတာအောင် အား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင် မှ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်း အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့ပါသည်။

ထို့နောက်သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါက်တာ ငြိမ်းသီတာအောင်က ကျေးဇူးတင်စကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရှိရသည်။