အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လမြိုင် စက်တင်ဘာလ(၂၈)ရက်။

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ကျင်းပသည်။

ဦးစွာ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်အဆင့်ထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ် လူငယ်ကော်မတီများဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့“ ဆိုတဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရာ ကလေးတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ မူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်နှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူးဦးခင်ဇော်က မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်း ထားရှိမှု၊လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကာ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များကဆက်လက်ဆောင်ရွက်မည့်လျာထားလုပ်ငန်းစဉ်များ၊ အသုံးစရိတ်လျာထားတင်ပြချက်များ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအဆင့်မြင့်နှင့်အခြေခံပညာအဆင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် ဆွေးနွေးပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်ကနိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရှိရသည်။