အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီလ(၁၀)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန် တေးသီချင်းဖြင့် သီဆိုတင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားပြီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီးနောက် ဉာဏ်စမ်းမေးခွန်းဖြေဆိုခြင်း အစီအစဉ်ကိုကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများ စိတ်အားထက်သန်စွာ ပါဝင်ဖြေဆိုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုလက်ဆောင်ကို စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)အားလည်းကောင်း၊ ဒုတိယဝန်ကြီးက အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့်အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးအား လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုလက်ဆောင်များကို ဉာဏ်စမ်းမေးခွန်း ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။