မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းလူငယ်များအတွက် ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများ အလိုက် မသန်စွမ်း သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာများဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းသူများအနေ ဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများ ရရှိစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်လည်း လူငယ်ရေးရာဦးစီးဌာနကို လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့်အတူ ကျန်းမာကြံ့ခိုင် ပြီး ဗလငါးတန်းနှင့် ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားရှိပေးခြင်းဖြစ်ပြီး မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းများ၊ စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းများသာမက အခြားလက်မှုအတတ်ပညာများဖြစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုူနည်းပညာပေးသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်းများကို ဖွင့်လှစ်ပေး ခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်များ ထောက်ပံ့ပေးခြင်း စသည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များကိုလည်း ချန်လှပ်ထားခြင်းမရှိဘဲ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်နိုင်ရေး အတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် လည်း ယိုမျိုးစုံ၊ ဖျော်ရည်မျိုးစုံနှင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်၍ မသန်စွမ်းလူငယ်များ အိုးမကွာ/အိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်ပြီး အဆင့်မီ အရည်အသွေးကောင်းမွန်သည့် စားသောက်ကုန်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိသားစုဝင်ငွေများကို တစ်ဖက်တစ်လမ်းက ပံ့ပိုး ကူညီနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် မသန်စွမ်းလူငယ်များအနေဖြင့် သင်တန်း ကာလအတွင်း တန်ဖိုးရှိသည့်အချိန်များနှင့် ကုန်ကျစရိတ်များကို အလဟဿမဖြစ်စေရန် သင်ကြား ပေးသည့် အတတ်ပညာများကို အမှန်တကယ် တတ်မြောက်အောင် ကြိုးစားပြီး အရည်အသွေး ပြည့်မီသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနိုင်သည့်အဆင့်ထိ ရောက်ရှိအောင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ မြှင့်တင် ဆောင်ရွက်ပေးနိုင်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ခြင်းဖြင့် မိမိတို့၏ မသန်စွမ်းမှု အားနည်းချက် များအပေါ်တွင်လည်း အကောင်းဆုံး စွမ်းဆောင်နိုင်သူများဖြစ်အောင် ကြိုးစားလေ့လာကြရန်နှင့် အခြားမသန်စွမ်းလူငယ်များကိုလည်း သင်ကြားပို့ချပေးခဲ့သည့် နည်းပညာများကို ပြန်လည်မျှဝေ ပေးပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ရင်း အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စတင်နိုင် အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သင်တန်းနည်းပြဆရာမများကလည်း သင်တန်းသား မသန်စွမ်းလူငယ်များကို စိတ်ရှည်ရှည်ထားပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွား ရန်နှင့် သင်တန်းသားများကလည်း အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူပြီး မိမိတို့ ဝါသနာပါရာ အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းကေခိုင်မြတ်ထွန်းနှင့် ဦးစီးမှူး ဒေါ်ခင်ရတနာသိန်းတို့က သင်တန်းသား ၃၀ ဦးတို့အား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ သင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



