မသန်စွမ်းလူငယ်များအတွက်ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မတ် ၁၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းလူငယ်များကို ချန်လှပ်ထားခြင်းမရှိဘဲ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်စေရေး၊ မသန်စွမ်းလူငယ်များ လူ့အဖွဲ့အစည်းအတွင်း ပါဝင်မှုအပေါ် ပိုမိုလေးနက်စွာနားလည်အသိအမှတ်ပြုနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် ရည်ရွယ်၍ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းတွင် စာတွေ့/လက်တွေ့အနေဖြင့် ခေါင်းလျှော်ရည်၊ Hand Gel ၊ ဆပ်ပြာရည်မျိုးစုံ၊ အိမ်သုံး ဆပ်ပြာခဲပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်၍ မသန်စွမ်းလူငယ်များ အိုးမကွာအိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ပြီး လူသုံးကုန်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာများကလည်း သင်တန်းသား မသန်စွမ်းလူငယ်များကို စိတ်ရှည်ရှည်ဖြင့်သင်ကြားပို့ချပေးသွားရန်နှင့် သင်တန်းသားများကလည်း သင်တန်းပြီးဆုံး သည်အထိ သင်ခန်းစာများနှင့်ပညာရပ်များကို အခြေခံပြီးလက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ကြိုးစားသင်ယူပြီး မိမိတို့ဝါသနာပါရာ အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး မိမိတို့၏ မသန်စွမ်းမှုအားနည်းချက်များ အပေါ် အကောင်းဆုံးစွမ်းဆောင်နိုင်သူများဖြစ်ကြောင်း အခြေခံယုံကြည်ချက်များထားပြီး ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တပ်ကုန်းမြို့နယ်၊ ပြည်သူ့အားကစားကွင်း၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမ ဒေါ်ခိုင်ခိုင်မော် နှင့် ဒေါ်မြင့်သန္တာကျော်တို့က မသန်စွမ်းလူငယ်သင်တန်းသား ၃၀ ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



