![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်မည့် ဂျူဒိုနှင့်ပီတန်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာ ၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုနှင့် ပီတန်းအားကစားနည်းမှ ပဏာမ လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒို လေ့ကျင့်ရေးခန်းမတွင် နည်းပြများက ပဏာမလက်ရွေးစင် အားကစားသမား များနှင့် လူငယ်အားကစားသမားများကို နည်းစနစ်ပိုင်းဆိုင်ရာများအား (Sparring) ကစားခြင်းဖြင့် တစ်ဦးချင်း သင်ကြားလေ့ကျင့်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ပြိုင်ပွဲဝင် ဝတ်စုံ ဂျူဒိုကီနှင့်ခါးစည်းခါးပတ် ဝယ်ယူထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြိုင်ပွဲဝင်ဝတ်စုံနှင့် အသားကျနေစေရန်အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပီတန်းလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမား များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမား များအား တွေ့ဆုံ၍ မိမိတို့လက်ရှိ ရရှိထားသည့်ရမှတ်များ၊ အားနည်းချက်/အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ရမှတ်များရရှိအောင် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်၍ ပီတန်းအားကစားနည်းဖြင့် အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်နှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် ဆက်လက် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားရိပ်သာ၌ အားကစားသမားများ၏ နေ့လည်စာ စားသောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး Sports Nutrition နှင့်အညီ အားကစားသမား များအတွက် တစ်နေ့တာလိုအပ်သည့် ကယ်လိုရီပမာဏအတိုင်း တွက်ချက်၍ အလေအလွင့် မဖြစ်စေရန်နှင့် အာဟာရပြည့်ဝစေရန်အတွက် သန့်ရှင်းလတ်ဆတ်သည့် အသား၊ ငါးများကို ချက်ပြုတ် ကျွေးမွေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။




