![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့နှင့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာ ၁၀
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့နှင့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများ အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှု များကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက် ဒဏ်ရာ(Injury)မရရှိအောင် ဂရုစိုက်လေ့ကျင့်ရန်လိုကြောင်း၊ မိမိတို့ လေ့ကျင့်ထားသည့်အတိုင်း ထိချက်များ မှန်ကန်တိကျစွာဖြင့် ပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်အောင် နည်းစနစ်၊ နည်းဗျူဟာများကို ကြိမ်ဖန်များစွာ လေ့ကျင့်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် နည်းစနစ်ပိုင်း လေ့ကျင့်နေမှုများနှင့် ကွင်းသွင်းခြင်းခတ် အားကစားသမား များ၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် မိမိတို့ လေ့ကျင့်ထားသည့်အတိုင်း အကျိုးရှိရှိ ပြန်လည်အသုံးချ၍ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်စေရန်အတွက် ယခုအချိန်ကတည်းက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ ကွင်းသွင်းခြင်းခတ်ရာတွင် စိတ်တည်ငြိမ်မှုရှိစေရန်နှင့် ရမှတ်များ ပိုမိုကောင်းမွန်စေရန်အတွက် အာရုံစူးစိုက်ခြင်းနှင့် သက်လုံ ကောင်းပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေမည့် လေ့ကျင့်ခန်းများကို အလေးထားလေ့ကျင့်လုပ်ဆောင်သွား ရန်လိုကြောင်း၊ အားကစားသမားများ တစ်ဦးချင်း နေ့စဉ် တိုးတက်မှုကို Graph ဆွဲထားရန်လိုကြောင်း၊ Training Program အတိုင်း လေ့ကျင့်ပြီး မိမိတို့၏ အားနည်းချက်များကို အားသာချက်အဖြစ် ပြောင်းလဲ နိုင်သူများဖြစ်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း လိုက်နာပြီး ကြိုးစားလေ့ကျင့် သွားကြရန် မှာကြားခဲ့ပြီးနောက် အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



