အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့နှင့် အလေးမ အားကစားသမားများ၏ လေ့ကျင့် နေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ် ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့နှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများ၏ နည်းစနစ်ပိုင်းနှင့် သက်လုံပိုင်းဆိုင်ရာ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးကာ လေ့ကျင့်မှုအပြီး ကုန်ခမ်းသွားသည့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန်အတွက် တိုက်ကျွေးလျက်ရှိသည့် အားဆေးများနှင့် Sports Nutrition နှင့်အညီ တွက်ချက်ထားသည့် သတ်မှတ်ကယ်လိုရီအတိုင်း အာဟာရပြည့်မီအောင် ကျွေးမွေးလျက်ရှိသည့်အတွက် အားကစားသမားများအနေဖြင့် သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ စားသောက်နေထိုင်သွားလာကြရန်လိုကြောင်း၊ လေ့ကျင့်မှုပြုလုပ်ရာတွင် တိုးတက်မှုရှိ/မရှိကို စနစ်တကျ မှတ်တမ်းများ ပြုစုထားရှိပြီး ဆက်လက်တင်ပြပေးနိုင်ရေးအတွက် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလေးမလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် အလေးမအားကစားသမားများ၏ ဝိတ်တန်းများအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် နေ့အလိုက်ရေးဆွဲထားသည့် Training Program များအတိုင်း နည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ အောင်မြင်မှုအခြေခံဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်း စသည့် “စ” ခုနှစ်လုံးနှင့် ပြည့်စုံကောင်းမွန်အောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန်လိုကြောင်း၊ နည်းပြများအနေဖြင့်လည်း မိမိအားကစားသမားများ၏ အားနည်းချက်/အားသာချက်များကို လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲလေ့ကျင့်သင်ကြားပေးသွားရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံခြားသားနည်းပြ လိုအပ်မှုအခြေအနေများနှင့် အားကစား အထောက်အကူပြုပစ္စည်း လိုအပ်နေမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် အားကစားနည်းအလိုက် အောင်မြင်မှုများရရှိအောင် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။