အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၁၂

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotal Max ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီ နှင့် ကင်းထောက်လူငယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ လူငယ်ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကုလသမဂ္ဂအဖွဲ့၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ချမှတ်ထားသည့် ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ ” (Local Youth Actions For The SDGs And Beyond)ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သည့်အခါတွင် လူသားအရင်းအမြစ်သည် အဓိကစွမ်းအားစုများဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ လျှောက်လှမ်းရာတွင် ယနေ့လူငယ်များ၏ စွမ်းအားများနှင့် အဓိကအခန်းကဏ္ဍမှ ဦးဆောင်ပါဝင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း။

ယနေ့လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်သလို အနာဂတ်နိုင်ငံတော်၏ အကောင်းအဆိုးသည်လည်း ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ် မှီတည်နေသည့်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် နိုင်ငံတော်၏အနာဂတ်ကို အကောင်းဆုံးပုံဖော်ဖန်တီးနိုင်သည့် လူငယ်မောင်မယ်များ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့်သဝဏ်လွှာကို မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဖတ်ကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ထူးချွန်ဆုရ လူငယ်များအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် လူငယ်စကားဝိုင်းအတွက် အလှူငွေပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လက်ခံရယူသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း (Video Clip) ကို ပြသသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများက မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်းနှင့် အနာဂတ်လူငယ်များအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဒေါ်ကြည်စင်ရွှေက Moderator အဖြစ် ဆောင်ရွက်ပြီး ပါဝင်ဆွေးနွေးသူများအနေဖြင့် ဦးကမ္ဘာထွန်း၊ မသိမ့်နေခြည်သက်ပိုင်၊ ဒေါ်စုစုဖြိုး၊ မရွှန်းလက်မီမီခိုင်နှင့် မသီရိထက်ဇော်တို့က ယဉ်ကျေးမှုအမွေအနှစ်နှင့် လူငယ်(Cultural Heritage and Youth)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် နည်းပညာ (Environmental Challenges and Technology)နှင့် အရည်အသွေး ပြည့်ဝသော ပညာရေးမှသည် အောင်မြင်သော စီးပွားရေးလမ်းကြောင်းသစ်များဆီသို့ (From Quality Education to Successful Economic Pathways) စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြား၍ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လူမှုအကျိုးပြုလုပ်ငန်းများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ဘုရားရင်ပြင်တော်တွင် သန့်ရှင်းရေးလုပ်ခြင်း၊ ကြမ်းတိုက်ခြင်းနှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ အဘိုး၊ အဘွားများကို ခေါင်းဖြီးပေးခြင်း၊ ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ အားပေးစကားများ ပြောခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။