အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန် ပျက်စီးနေမှုများအား ပြုပြင်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၁၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများအား ပြုပြင်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ အပြင်ဘက် လေ့ကျင့်ရေးရေကူးကန် ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Max Myanmar Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အုတ်ရိုးပြို၍ ဖြိုဖျက်ပြီး အသစ် ပြန်စီ/ချောရန်နှင့် နံရံ Plaster အက်၍ အသစ်ပြန်ချောရန် လုပ်ငန်းများဖြစ်သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၏ -2.8 Level ၊ မြေညီထပ်၊ ပထမထပ်နှင့် အထူးတန်း ပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie Beam ပျက်စီးခဲ့မှုများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ယာယီထောက်မမှုလုပ်ငန်း (temporary supporting work) များဆောင်ရွက်နေမှုများအား လည်းကောင်း၊ Wall ၊ Column ၊ Beam များအား Plaster ခွာခြင်း၊ အုတ်နံရံဖြိုဖျက်ခြင်းနှင့် မျက်နှာကြက်များအား ဖျက်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ မှန်အကာ နံရံများ၊ ပြတင်းတံခါးများ၊ Light Partition များနှင့် Tempered Glass Curtain Wall များ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊ ကြမ်းခင်း Topping နှင့် ကြွေပြားများ ခွာထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအား ဦးစားပေးဆောင်ရွက်ရန်နှင့် အဆောက်အဦများအား သဘာဝဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့် စစ်ဆေးရေးအဖွဲ့များ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီပြီး အမြန်ဆုံးပြီးစီးစေရေးတို့အတွက် စိစစ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ မော်တော်ယာဉ်ပတ်လမ်းများတွင် မြေကျွံပျက်စီးနေမှုများအား ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ အပြင်ဘက် လေ့ကျင့်ရေး ရေကူးကန် ကြမ်းခင်းကျွံကျနေမှုများ၊ အုတ်နံရံပြိုကျနေမှုများနှင့် ရေသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ အကြောလျော့ပြီး ခန္ဓာကိုယ်အညောင်းအညာပြေစေရေးအတွက် ရေကူးလေ့ကျင့်ခန်းများပြုလုပ်နိုင်စေရန်နှင့် ရေကူးသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်အောင် ရေကူးကန်အား အမြန်ဆုံး ဦးစားပေးပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။