![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
ရန်ကုန်၊ အောက်တိုဘာလ ၅ ရက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ အားကစား ကွင်းသို့ရောက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် U-25 ဘောလုံးပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးကို ရည်ရွယ်ပြီး ဘောလုံးကွင်း ပတ်လည်မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် မြက်ဖြတ်ခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက် သွားရန်၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် သန့်ရှင်းရေးများ ဆောင်ရွက် သွားရန်နှင့် ရေနှုတ်မြောင်းအဖုံးများအားဆေးသုတ်ခြင်း လုပ်ငန်းများဆောင်ရွက်သွားရန်၊ Multipurpose Stadium ရှိ လျှောက်လမ်းများနှင့် မျက်နှာစာအဝင်လမ်းများ ကောင်းမွန်စေရန်၊ နိုင်ငံတော်အလံကို သစ်လွင်တောက်ပစွာ အမြဲတမ်းလွှင့်ထူထားရန်၊ ပြိုင်ပွဲရုံရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် စနစ်တကျတာဝန်ယူထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာ အားကစားကွင်းသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရဘက်ဂျက်ဖြင့် ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းနှင့် အလျား (၂၀၀)ပေ၊ အနံ(၁၅၀)ပေရှိ လူဦးရေ (၂၁၀၀)ဆံ့ မိုးလုံလေလုံအားကစားရုံ တည်ဆောက် နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်ပြည့်မီပြီး သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေး၊ ရေရှည်ခံ၍ အရည်အသွေး ကောင်းမွန်ပြီး စိမ်းလန်းစိုပြေသည့် မြက်အမျိုးအစားများ စိုက်ထည့်သွားရန်နှင့် အခြားလိုအပ်သည် များကို သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား အသေးစိတ်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစား ကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းအား ကြည်ရှုစစ်ဆေးခဲ့ပြီး (AFC)U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် (AFC)မှ အာရှ စည်းမျဉ်း/စည်းကမ်းများ နှင့် အညီ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ဘောလုံးကွင်းမြေသား မျက်နှာပြင်ညီညာ စေရေး နှင့်မြက်ခင်းပြင်စိမ်းလန်စိုပြေစေရေး ၊ ဂိုးတိုင်/ဂိုးပိုက်များ ကောင်းမွန်စွာတပ်ဆင်ထားရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ခြံစည်းရိုးများ၊ မြောင်းဖုံးများအား ထုံးဖြူသုတ်သွားရန်နှင့် Synthetic ပြေးလမ်းကောင်းမွန်စေရေးတို့အတွက် တာဝန်ရှိသူများကိုမှာကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ် အဖြစ် ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲနှင့် ပထမအဆင့် ပွဲစဉ်များဖြစ်သည့် စနူကာ-15 Red နှစ်ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုတို့အား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဘိလိယက်နှင့်စနူကာအားကစားနည်း အနေဖြင့် အောင်နိုင်ရေးဆုတံဆိပ်များရရှိစေရေး အတွက် အဖွဲ့ချုပ် မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်အောင် ဝိုင်းဝန်း ပူးပေါင်းကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။




