![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်း အားကစားပြိုင်ဝင်းသို့ သွားရာက်၍ အဆင့်မြှင့်တင်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုက်လံကြည့်ရှု စစ်ဆေး ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား လာစေရေး ၊ မျိုးဆက်သစ်မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေး၊ မိမိတို့ နိုင်ငံ၏သမိုင်းဝင် အောင်ဆန်းအားကစားပြိုင်ဝင်းအား နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်၍ အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းရှိ ပွဲကြည့်စင်များ၊ အားကစားရုံများ၊ အစည်းအဝေးခန်းမနှင့် ရုံးခန်းများ၏ လက်ရှိ အဆောက်အဦအနေအထား အခြေအနေများ၊ လျာထားသတ်မှတ်ထားသည့် အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ လုပ်ကိုင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ ကဏ္ဍအလိုက် တိတိကျကျ လုပ်ကိုင်ဆောင်ရွက် သွားနိုင်ရေး၊ အဆောက်အဦ ဖျက်သိမ်းရာတွင် အပိုင်းလိုက် စနစ်တကျ တိတိကျကျဆောင်ရွက်သွား နိုင်စေရေးနှင့် အဆင့်မြှင့်တင်ပြန်လည်တည်ဆောက်ရေးတွင် ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ် နှင့် ရာသီဥတုဒဏ်ခံနိုင်စေရေးတို့အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ် စိစစ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးလုံလေလုံဘော်လီဘောအားကစားရုံသို့ သွားရောက်၍ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား၊ ရန်ကုန်တိုင်းဒေသကြီး အသက် ၂၅ နှစ်နှင့်အောက် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူအားကစားခန်းမသို့ ဆက်လက်ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်မှ နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် လိုအပ်သည့်လေ့ကျင့်ရေးရုံနှင့် ရုံးခန်းများတည်ဆောက်ရန် တင်ပြတောင်းခံထားသည့် မြေနေရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဒိုင်လူကြီးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလမြို့နယ်သို့ရောက်ရှိပြီး မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းနှင့် (၁၂၀ ပေ x ၉၀ ပေ)ရှိသော အားကစားခန်းမတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒလမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားရန်၊ ဘောလုံးကွင်း ခြံစည်းရိုးနှင့်ဂိုးတိုင်၊ ဂိုးပိုက်များအား အမြဲတမ်း ကောင်းမွန်သစ်လွင် တောက်ပနေစေရန်၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်၊ မီတာ(၄၀၀) Synthetic ပြေးလမ်း ခင်းကျင်းဆောင်ရွက်နိုင်စေရန်နှင့် အားကစားခန်းမ ရေရှည်တည်တံ့ခိုင်မြဲစေရန်တို့အတွက် သန့်ရှင်းသာယာလှပအောင် သန့်ရှင်းရေးများ ပုံမှန်ပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းနှင့် စားရိပ်သာတို့တွင်(Grade-12) ကျောင်းသား/ ကျောင်းသူများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-12) ပြီးမြောက်ခြင်း နှစ်ဆုံးစာမေးပွဲ ဖြေဆိုရန်အတွက် လေ့လာကျက်မှတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား လေ့လာသင်ယူထားသည့် သင်ခန်းစာများကို ကောင်းမွန်စွာ လေ့လာမှတ်သား၍ စာမေးပွဲတွင် ရမှတ်ကောင်းကောင်းဖြင့် အောင်မြင်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းမှ အောင်ချက်ကောင်းမွန်သည့် ကျောင်းအဖြစ် မှတ်တမ်းတင်နိုင်အောင် ကျောင်းသား/ ကျောင်းသူများအားလုံး အစွမ်းကုန် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာသို့သွားရာက်၍ ကျောင်းသား/ကျောင်းသူများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်းသိရသည်။




