အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က မြင်းစီးအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရန်၊ မြင်းစီးမျိုးဆက်သစ် လူငယ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက်ရည်ရွယ်၍ မြင်းစီးအားကစားပြိုင်ပွဲများနှင့် နည်းစနစ် သင်တန်းများကို ၂၀၂၄ ခုနှစ်တွင် (၁၄)ကြိမ်ခန့် ကျင်းပပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ မြင်းစီးအားကစားနည်းသည် အားကစားသမားအပါအဝင် မြင်း၏ကျန်းမာကြံ့ခိုင်မှုသည်အရေးပါသည့်အတွက် လူရောမြင်းပါ တသားတည်းဖြစ်ရန်လိုအပ်ကြောင်း၊ အားကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိစေရန် စိတ်ပညာဆရာများဖြင့် ဆွေးနွေးတိုင်ပင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြင်းကောင်း မြင်းသန့်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့အဖွဲ့ချုပ်အနေဖြင့် ဝန်ကြီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်းပြီ အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျရွေးချယ်၍ နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲများကို စေလွှတ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းမြင်းစီးပြိုင်ပွဲများစွာ ကျင်းပပြုလုပ်နိုင်မှသာ One Star အဆင့်ရရှိမည့် အားကစားသမားများများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် လက်ရှိပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး နောက် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြင်းစီးအားကစားလောက တိုးတက်မြင့်မားစေရေးအတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးနှင့်တာဝန်ရှိသူများ တက်တက်ကြွကြွဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် အချင်းချင်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှသာ မြင်းစီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။