![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၁၂
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်း/အားကစားရုံသို့ သွားရောက်ပြီး မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေး တို့အတွက် အားကစားသမားများနှင့် ပြည်သူများလေ့ကျင့်မှုပြုလုပ်လျက်ရှိသည့် အားကစားကွင်း/ အားကစားရုံများအမြဲတမ်း သန့်ရှင်းသာယာလှပစေရေးနှင့် မြက်ခင်းများ စိမ်းလန်းစိုပြေ၍ ညီညာလှပ စေရေး သန်ရှင်းရေးများ ပုံမှန်ပြုလုပ်ပြီး အဆောက်အဦးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအဆင့် ပြိုင်ပွဲများကို အစဉ်လာမပြတ် အမြဲတမ်းကျင်းပပြုလုပ်ပေးခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများနှင့် ပြည်သူများအား တွေ့ဆုံ၍ လတ်တလော နေထိုင်၊ သွားလာ၊ စားသောက်မှုများ အဆင်ပြေစေရေး အတွက် အားကစားပစ္စည်းများနှင့် လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။



