![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံးများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၁၁
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုင်ငံတော်အတွက် မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် အားကစားကွင်း/ အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် ခရိုင်အားကစားကွင်း/ အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားကွင်း/ အားကစားရုံများ ယခုထက် ပိုမိုတိုးတက် ကောင်းမွန်ပြီး အစဉ်အမြဲသန့်ရှင်းသာယာလှပစေရေးအတွက် အမြဲထိန်းသိမ်းစောင့်ရှောက်သွား ရန်လိုကြောင်း၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းသားများရရှိစေရေးအတွက် အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ကျောင်းသား/ကျောင်းသူများကို သင်တန်းသား ရွေးချယ်မှုတွင် အထောက်အကူပြုစေမည့် အခြေခံနည်းစနစ်များနှင့် ကြံ့ခိုင်မှုများကို စီမံချက်များရေးဆွဲ၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အဓိကအင်အားစုဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် အထောက်အကူဖြစ်စေမည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရေးအတွက် အခြေခံ ကျောင်းများနှင့် ချိတ်ဆက်ပြီး အားကစားလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးများ၊ အသိပညာပေး ဟောပြောပွဲများ၊ သရုပ်ပြပွဲများ၊ အားကစားပြိုင်ပွဲများကို ကျင်းပပေးပြီး စည်းရုံးလှုံ့ဆော်ဆောင်ရွက် သွားရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရန်အတွက် အခြေခံကျသည့် ကျောက်ဆည်ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျ ရေတို/ရေရှည် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

