![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များ ပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းခြင်းနှင့် မိုးလုံလေလုံ အားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီလ ၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မ အားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းခြင်းနှင့် မိုးလုံလေလုံ အားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သည့် ရွှေကြာပင် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းပျက်စီးခဲ့မှုများအား အမြန်ဆုံးအချိန်မီပြန်လည် ပြင်ဆင်နိုင်ရေး၊ ကြိုတင်မွေးထားသည့် ဂျပန်မြက်များအား အချပ်လိုက်ပြန်ကပ်ပြီး စိုက်ပျိုးနိုင်ရေးအတွက် ကွင်း မြေညှိခြင်း၊ ဘောလုံးကွင်းသဲခင်းခြင်းနှင့် ရေဖျန်းစနစ်(Field Sprinkler)များအတွက် ရေပိုက်များ အမြန်တပ်ဆင်ပြီးစီးရေး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရံပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ်ပြန်လည် ခင်းကျင်းနိုင်ရေးအတွက် ပျက်စီးသွားသည့် ယခင်ပြေးလမ်းအဟောင်း ကွန်ကရစ်ခင်းခြင်း ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ပေ(၄၈၀x၆၀) အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် ပေ(၁၈၀x၁၅၀) မိုးလုံလေလုံ အားကစားရုံ ရှေ့မျက်နှာစာ Composite အပြားများ အမြန်တပ်ဆင်ပြီးစီးရေး၊ ပွဲကြည့်စင်များ၊ နံရံများအား ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေလိုင်း၊ မီးလိုင်းစနစ်များ ကောင်းမွန်စေရေးနှင့် LED ဘုတ်ပြား များအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက Synthetic ပြေးလမ်းအား သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် အားကစားကွင်း စိမ်းလန်းစိုပြေစေရေးအတွက် ခြုံနွယ်များရှင်းလင်းခြင်းနှင့် ပုံမှန်မြက်ဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




