ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)ရုံနှင့် ရေကူးကန် ပျက်စီးနေမှုတို့အား ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/ အမျိုးသမီး အားကစားသမားများနှင့် အမျိုးသမီး ကွင်းသွင်းခြင်းခတ် အားကစားသမားများ၏ အဖွဲ့လိုက် လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့် ယခင်ရရှိထားသည့် ရမှတ်များထက် သာလွန်ကောင်းမွန်အောင် မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်ဖြင့် ပိုမိုအားထည့် ၍ ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီးနောက် အားကစားသမားများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ Max Myanmar Construction Co.,Ltd မှ ပြုပြင်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ အပြင်ဘက် လေ့ကျင့်ရေး ရေကူးကန်အတွင်းရှိ ကြမ်းခင်းကျွံကျနေမှုများ၊ ရေသန့်စင်ရန်အတွက် ကလိုရင်း(Chlorine)ကန်နှင့် ရေပိုက်လိုင်းများအား ပြုပြင်သန့်စင်နေမှုများနှင့် အုတ်နံရံအတွင်း/အပြင် ပြိုကျနေမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ အကြောလျော့၍ ကိုယ်ခန္ဓာအညောင်းအညာပြေအောင် ရေကူးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်အတွက် ရေကူးကန်ပြုပြင်မှုအား ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအား ဦးစားပေးဆောင်ရွက်ရန်နှင့် အဆောက်အဦများအား သဘာဝဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့် သတ်မှတ်စံချိန်/ စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီပြီး အမြန်ဆုံးတည်ဆောက်ပြီးစီးစေရေးတို့အတွက် စိစစ်ကြပ်မတ် ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။





