အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပန်ကြပ်ဆီလပ် နည်းပြနှင့်ဒိုင်သင်တန်း သင်ကြားပို့ချနေမှုများ၊ မြန်မာနိုင်ငံ နပန်းနှင့်ပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလပ် နည်းပြနှင့် ဒိုင်သင်တန်းတွင် အင်ဒိုနီးရှားနိုင်ငံမှ နည်းပြ TITIH HAYATI က သင်တန်းသား/ သင်တန်းသူ ၃၆ ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချနေမှုများနှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စတင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားအဖွဲ့၏ လေ့ကျင့်ခတ်ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနပန်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်စေရန်၊ နပန်းအားကစားနည်း ပြန်လည်ရှင်သန်ပြန့်ပွားလာစေရန်နှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယခင်ရရှိခဲ့သည့် အောင်မြင်မှုများအတိုင်း ပြန်လည်ရရှိစေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသည့် နည်းပြများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ် ပေးနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး နပန်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဒုတိယဥက္ကဋ္ဌတို့က နပန်းအားကစားနည်း တိုးတက်ပြန့်ပွားစေရေးအတွက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းအစီအမံများ၊ အားကစားသမားများအား ရွေးချယ်ခြင်းနှင့် စခန်းသွင်းလေ့ကျင့်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ရာ ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် အောင်မြင်မှုဆုတံဆိပ်များရရှိစေရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ‌ရွေ့ စိုက်ထုတ်ပြီး ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဒိုင် များ၏အရည်အသွေး မြှင့်တင်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများ၊ စခန်းဝင်လေ့ကျင့်မှုများ၊ ပံ့ပိုးထောက်ပံ့ပေးမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရယူပေးနိုင်ခဲ့ပါကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုမိုအောင်မြင်မှုများရရှိအောင် ဆက်လက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။