ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် နေရာများအား လိုက်လံကြည့်ရှု
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့်နေရာများအား လိုက်လံကြည့်ရှုခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဆေးပေးခန်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ပြုလုပ်ထားရှိမှုအခြေအနေများ၊ X Scan စက်နှင့် ကုသရေးအထောက် အကူပြုစက်ပစ္စည်းထားရှိမှုအခြေအနေများ၊ ဆေးဝါးသိုလှောင်ထားရှိမှု အခြေအနေများနှင့် အားကစားသမားများအား နေ့စဉ်အားဆေးတိုက်ကျွေးလျက်ရှိသည့်အခြေအနေများ၊ အားကစားသမားများ လေ့ကျင့်ရာတွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိလာပါက အရေးပေါ်ကုသမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် ဆရာဝန်လုံလောက်မှု ရှိ/မရှိ အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရာက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကာလ နီးကပ်လာပြီဖြစ်၍ အားကစားသမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုဂရုစိုက်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲမတိုင်မီ ဓာတ်ဆားရေ သောက်သုံးနိုင်ရေးနှင့် အာဟာရပြည့်ဝမည့် အစားအသောက် သုံးစွဲမှုလမ်းညွှန်ချက်အား အားကစား အဖွဲ့ချုပ်များထံ အချိန်မီဖြန့်ဝေပေးသွားရန်လိုကြောင်း၊ အားကစားသမားများအတွက် အသုံးများသည့် ဆေးဝါးများလုံလောက်အောင် ဖြည့်တင်းဝယ်ယူသွားရန်လိုကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ရန်အတွက် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် တည်းခိုနေထိုင်လျက်ရှိသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အိပ်ဆောင်များအား ရေ/မီး အဆင်ပြေစေရေးအတွက် မိမိတို့ဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
![](https://mosya.gov.mm/wp-content/uploads/2025/02/11.2.2025.2.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/11.2.2025.5.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/11.2.2025.1.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/11.2.2025.3.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/11.2.2025.4.jpg)