အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးသင့် အမှုထမ်းများအား ဦးစားပေးနေရာချထားသည့် Basha များအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၂၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့် အမှုထမ်းဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဦးစားပေး နေရာချထားပေးသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) မိန်းဂိတ်ဝ ဘယ်/ညာရှိ Basha များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်ရန်အတွက် ခွဲဝေချထားပေးသည့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ယာယီနေထိုင်မှုများ အဆင်ပြေစေရေးအတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)၌ တည်ဆောက်ထားသည့် (၂)ခန်းတွဲ (၄)ခန်းပါ Basha များတွင် အမှုထမ်းဝန်ထမ်းများအား ဦးစားပေးပြီး နေရာချထားမှုများနှင့် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေ၊ မီး သုံးစွဲမှု အဆင်ပြေချေမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများအား တွေ့ဆုံ၍ မိုးလုံလေလုံဖြင့် လုံလုံခြုံခြုံနေထိုင်နိုင်စေရေးနှင့် ရေ၊ မီး၊ မိလ္လာ သုံးစွဲမှုများ အဆင်ပြေ ချောမွေ့စေရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်များနှင့်အညီ တည်ဆောက်ပေးထားသည့်အတွက် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ အချင်းချင်း စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိကြရန်လိုကြောင်း၊ မိမိတို့ နေထိုင်သည့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် တစ်ပိုင်တစ်နိုင် သီးပင်၊ စားပင်များကို စုပေါင်းဝိုင်းဝန်းစိုက်ပျိုးသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။