ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် အဆောက်အဦများအား တတိယအကြိမ် စစ်ဆေးခြင်းနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဧပြီ ၁၆
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ပြင်းထန် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆာက်အဦများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင် များက စစ်ဆေးအတည်ပြုပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများအား တတိယအကြိမ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ နေထိုင်ခဲ့သည့်ဇမ္ဗူသီရိမြို့နယ်အတွင်း ဘောဂသိဒ္ဓိရပ်ကွက်ရှိ၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၈၂၁)၊ (၈၂၂)နှင့် (၇၄၇)တို့အားလည်းကောင်း၊ ဇေယျသိဒ္ဓိရပ်ကွက်ရှိ စံပယ်အိမ်ရာ တိုက် အမှတ် (၃၅)တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အသေးစား၊ အလတ်စားနှင့် အကြီးစားပြုပြင်မှုများအား စတင်ပြုပြင်ဆောင်ရွက်မည့်အချိန်နှင့် ပြုပြင်ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Cluster-6 တွင် ယာယီပြောင်းရွှေ့နေထိုင်သော ဝန်ထမ်းများက နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေအခက်အခဲများအား တင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနခွဲအသီးသီးမှ ဝန်ထမ်းများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယဝန်ကြီးများက ဆွေးနွေးပြောကြားရာတွင် ယခုလိုထောက်ပံ့လှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ထောက်ပံ့ငွေများနှင့် စားသောက်ကုန်များကို ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အညီအမျှ အချိုးကျ ခွဲဝေဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြ သော်လည်း အခက်အခဲများကို ကြံ့ကြံ့ခံ၍ မိသားစုစိတ်ဓာတ်ထားရှိပြီး ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြမှုများအပေါ် ဖြည့်စွက်အမှာစကားပြောကြားရာတွင် အုပ်ချုပ်မှုလျော့နည်းထူးခြားဖြစ်စဉ်များ မဖြစ်အောင် တာဝန်ရှိသူများက စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် မိမိတို့အား ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ဆင့်ကဲဆင့်ကဲ ကျေပွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း ညီညီညွတ်ညွတ်နှင့် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပူးပါင်းဆောင်ရွက်၍ နေထိုင်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




