ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး
နေပြည်တော်၊ နိုဝင်ဘာလ(၈)ရက်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ ၃၂၀ ၏ အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မှာကြားရာတွင် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်အားဖြင့် တစ်လခန့်သာကျန်ရှိတော့ကြောင်း၊ ကျောင်းသူများ၏ အကအလှများသည် အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့ကို ဖော်ကျူးသည့် “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်း ၏ အကအလှသည် Freefall ဆင်းသက်၍ Countdown ရေတွက်ပြီးသည့်အခါ ကပြရမည့် ဖွင့်ပွဲအကဖြစ်ကြောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့ တို့အတူ” တေးသီချင်းဖြင့် အဓိပ္ပာယ်ရှိသည့် ရွှေပြည်တော်ကို သွားကြမည်ဆိုသည့်သီချင်းဖြင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မင်္ဂလာရှိသည့် အဖွင့်သီချင်းနှင့် အင်အားဖြစ်စေမည့် အပိတ်သီချင်းတို့ဖြင့် အနှစ်သာရရှိရှိဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း။
ယခုပွဲတော်ကြီးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသကဲ့သို့ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် ကျောင်းသူများ၏ ကြိုးစားမှုသည် အနှစ်သာရှိပြီး အလွန်အရေးကြီးကြောင်း၊ တေးသီချင်းသရုပ်ဖော်တင်ဆက်မှုသည် လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် တွေးခေါ်နိုင်မှုတို့ကို ဖော်ကျူးသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လေ့ကျင့်ပြင်ဆင်မှုများတွင် အခက်အခဲများရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်စေလိုကြောင်း၊ ကျောင်းသူများအနေဖြင့် ပွဲတော်ကြီးတွင် စိတ်အားထက်သန်စွာဖြင့် အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းသူများ၏ ပညာရေးနှင့် ကျန်းမာရေးကို မထိခိုက်စေရန်အတွက်လည်း အထူးဂရုပြုစေလိုကြောင်းနှင့် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပျော်ပျော်ရွှင်ရွှင်၊ စည်းကမ်းရှိရှိဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မှာကြားရာတွင် ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ကြီးကျယ်ခမ်းနားသည့် အခမ်းအနားတစ်ခုတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီအားဖြည့်ခွင့်ရသည့်အတွက် ဂုဏ်ယူတတ်စေလိုကြောင်း၊ နိုင်ငံတော်က “လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သိုလှမ်းချီ မြန်မာပြည်” ၊ “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့်ဆောင်ပုဒ်များဖြင့် လူငယ်များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ စိတ်ချမ်းသာစွာဖြင့် အကအလှများကို လေ့ကျင့်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိတို့ဘက်ကလည်း အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့သည် ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် တေးသီချင်းများဖြင့် အကအလှများ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်နေကြသည့် အနုပညာဦးစီးဌာနမှ အကနည်းပြဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကြီးကြပ်ဆရာမများနှင့် ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး အားပေးစကားပြောကြားသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်းများနှင့် မသန်စွမ်းအားကစားနည်းများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားများကိုလည်း နိုင်ငံတော်အဆင့်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်အများပြည်သူ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးနိုင်ရေးတို့အတွက် အခမ်းအနားပြင်ဆင်ရေးနှင့် ဖျော်ဖြေရေးကိစ္စများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။