အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ(၄)ရက်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်မည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။

ပြည်ထောင်စုဝန်ကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် နေရာ၊ LED တပ်ဆင်မည့်နေရာနှင့် မီးများတပ်ဆင်အသုံးပြုမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားသမားများ ဝင်/ထွက်သွားလာမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေတင်ဆက်မည့် သီချင်းများအလိုက် ဆက်တင်ပစ္စည်းများ ထည့်သွင်းအသုံးပြုမည့် အစီအစဉ်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် အလွတ်ခုန် လေထီးလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။